တိုင်းနှင့်ပြည်နယ်အချို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်ထက် ပိုလာနိုင်

နွေရာသီကာလပူပြင်းသည့် နေအပူချိန်အောက် ဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှားနေကြသူများ။ (ပုံ-အဟောင်း)

ရောင်နီ

(မဇ္ဈိမ)။ ။လက်ရှိနွေရာသီကာလအတွင်း တိုင်းနှင့်ပြည်နယ်အချို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်ထက် ပိုလာနိုင်ကြောင်း စစ်ကောင်စီမိုးဇလဌာန၏ ညွှန်ကြားရေးမှူး ဦးလှထွန်းက မဇ္ဈိမကို ပြောသည်။
 
စစ်ကောင်စီ မိုးဇလဌာန၏ မတ်လ ဒုတိယ ဆယ်ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်တွင် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နှင့်  ကယားပြည်နယ်တို့တွင် မတ်လ ပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့် အထက် (သို့မဟုတ်) ၃၅ ဒီဂရီဖာရင်ဟိုက်နှင့် အထက်ပိုနိုင်ကြောင်း ဖော်ပြသည်။  
 
သို့သော် ရန်ကုန်အပါအဝင် ကျန်တိုင်းနှင့် ပြည်နယ်များတွင် မတ်လ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း မိုးဇလက ဆိုသည်။
 
“ မြန်မာနိုင်ငံရဲ့ နွေရာသီကာလက မတ်၊ ဧပြီ၊ မေ ကတော့ လဝက်လောက်အထိပေါ့ ၊ နွေရာသီက တဖြည်းဖြည်းနဲ့ ရောက်ရောက်လာပြီ။ အခုကလည်း မတ်လ အလယ်နောက်ပိုင်းဖြစ်နေပြီ။ မြန်မာနိုင်ငံရဲ့ အပူဆုံးက ဧပြီလ။ အခုက တဖြည်းဖြည်းနဲ့ နွေရာသီထဲ ရောက်ရောက်လာပြီဆိုတော့ အပူချိန်က လက်ရှိဖြစ်နေတဲ့ အနေအထားထက်ပိုနိုင်တဲ့ အနေအထားရှိနေတယ်။’’ ဟု မိုးဇလညွှန်ကြားရေးမှူးဦးလှထွန်းက ပြောသည်။
 
ပြီးခဲ့သည့် မတ်လ ပထမ ၁၀ ရက်ပတ်တွင်လည်း နေပြည်တော်နှင့် ဧရာ၀တီတိုင်းမှလွဲ၍ ကျန်တိုင်းနှင့် ပြည်နယ်များတွင်  မတ်လ၏ ပျမ်းမျှ အပူချိန်ထက် အနည်းငယ်ပိုခဲ့ကြောင်း မိုးဇလက အသိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)ကလည်း ယခုတပတ်အတွင်း တပြည်လုံးတွင် နေ့အပူချိန်များ စတင်မြင့်တက်လာမှုကို ခံစားရလာနိုင်ကြောင်း မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)