မန္တလေးမြို့တွင် လျှပ်စစ်မီးပြတ်တောက်မှု အဆိုးရွားဆုံးအခြေအနေဖြင့်ရင်ဆိုင်နေရ

007

(မဇ္စျိမ)။ ။မန္တလေးမြို့တွင် စစ်အာဏာသိမ်းသုံးနှစ်ပြည့်ပြီးနောက်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှု အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေသခံပြည်သူများကပြောသည်။

“အခု လက်ရှိအနေအထားအရပြောရရင်၊ မီးလာချိန်က ၂၄ နာရီမှာ ဆက်တိုက်လာချိန် တနာရီလောက်ပဲရှိ တော့တယ်၊ တနာရီထက်ကိုမပိုတော့ဘူး၊ နေ့ပျက်၊ ညပျက်၊ မနက်ပျက်နဲ့ တနေ့မှာမီးလာချိန် တနာရီလောက်ပဲရှိတော့တယ်” ဟု မန္တလေးမြို့ခံသတင်းအရင်းအမြစ်တဦးကပြောသည်။

စစ်တပ်အာဏာသိမ်းသည့်နှစ်ကစ၍ နိုင်ငံတဝန်း လျှပ်စစ်မီးပြတ်တောက်မှုဆိုးဆိုးရွားရွားဖြစ်ခဲ့ရာမှ လက်ရှိတွင် အဆိုးတကာ့အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း လူမှုကွန်ရက်သတင်းများကလည်း ဆိုသည်။

မကြုံစဖူးလျှပ်စစ်မီးအဆိုးရွားဆုံးပြတ်တောက်နေမှုကြောင့်၊ လျှပ်စစ်မီးအသုံးပြုပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင် နေရသည့် အသေးစားနှင့်အလတ်စား စက်ရုံအလုပ်ရုံများ ထိခိုက်မှုရှိနေသလို၊ အိမ်ရှင်မများအတွက်လည်း မီးဖို ချောင်ကုန်ကျစရိတ် ပုံမှန်ထက်ပိုများလာကြောင်း သိရသည်။

“အခြေခံစားသောက်ကုန်စျေးနှုန်းက ဆက်တိုက်မြင့်နေချိန် မီး (လျှပ်စစ်မီး)ကပါ အဆိုးတကာ့အဆိုးရွားဆုံး ပျက်ပျက်နေတော့၊ လုပ်ငန်းရှင်တွေမပြောနဲ့ ကျွန်တော်တို့အိမ်ရှင်မတွေမှာတောင် မီးဖိုချောင်စရိတ်ပိုသုံးလာရပြီ၊ အာဏာသိမ်းအကျိုးဆက်ကို ကျွန်တော်တို့လို အိမ်ထဲနေတဲ့အိမ်ရှင်မတွေတောင် ကျောကော့အောင်ခံနေရတယ်” ဟု အသက် ၅၀ ၀န်းကျင်အရွယ် အိမ်ရှင်မတဦးက ပြောသည်။

လျှပ်စစ်မီး အဆိုးရွားဆုံးပြတ်တောက်နေမှုဖြစ်စဉ်ကို မန္တလေးတခရိုင်လုံးတွင် ကြုံတွေ့နေရခြင်းဖြစ်ပြီး ယခု အတိုင်းဆက်ပျက်နေလျှင် လာမည့်နွေရာသီကာလ သောက်သုံးရေပြတ်လပ်မှုပြဿနာကိုလည်း ဆိုးဆိုးရွားရွား ခံရရန်ရှိကြောင်း သုံးသပ်သူများလည်းရှိသည်။

“စာမေးပွဲရက်တပတ်လုံး လုံး၀မီးမလာဘူး၊ စာသင်ကျောင်းတွေမှာပါ မီးမပေးနိုင်တော့တဲ့အဖြစ် ရောက်သွားတာနော်၊ ဒါ မျက်မြင်ကိုယ်တွေ့ပဲ၊ ဒီအတိုင်းဆက်သွားရင် မကြာခင် သောက်သုံးရေပြတ်လပ်မှုပြဿနာနဲ့ ခပ်ဆိုးဆိုးကြုံရတော့မယ်” ဟုလည်း နောက်ထပ်အိမ်ရှင်မတဦးက ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ ယခုလတတိယပတ်ကစ၍ မန္တလေးခရိုင်အတွင်း မြို့နယ်အလိုက် အုပ်စုသုံးခုခွဲကာ တကြိမ်လျှင်လေးနာရီနှုန်းဖြင့် တရက်လျှင် နှစ်ကြိမ်မီးပေးသွားမည်ဖြစ်ကြောင်း ၎င်းလက် အောက်ခံလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးများကတဆင့် ကြေညာထားသည်။

မန္တလေးမြို့တွင် ယမန်နှစ်က တရက်လျှင် နှစ်ကြိမ်၊ တကြိမ်လျှင် လေးနာရီနှုန်းဖြင့် လျှပ်စစ်မီးဖြန့်ဖြူးပေးမည်ဟု စစ်ကောင်စီကကြေညာခဲ့သော်လည်း မြေပြင်တွင် လျှပ်စစ်မီးကောင်းစွာမရရှိခဲ့ကြောင်း ဒေသခံများအပြောအရ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)