စစ်ရာဇဝတ်မှုကျူးလွန်ထားသည့် စစ်သုံ့ပန်း အရာရှိ၊ တပ်သားများကို အ​ရေးယူ အပြစ်ပေးသွားမည်ဟု AA ပြော

001

(မဇ္ဈိမ)။ ။ တိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်( AA )က ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများထဲမှ စစ်ရာဇဝတ်မှုကျူးလွန်ထားသည့် စစ်ကောင်စီ အရာရှိ ၊ တပ်သားများကို ထိရောက်စွာ အရေးယူ အပြစ်ပေးသွားမည်ဖြစ်​ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

မတ်လ ၄ ရက်နေ့က အွန်လိုင်းမှ တဆင့်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေထဲက ရခိုင်ပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုကျူးလွန်ရာမှာ ပါဝင်ထားတဲ့ လူတွေအားလုံးကို စနစ်တကျ စုံစမ်းစစ်ဆေးပြီးရင် ကျူးလွန်ခံရတဲ့ ရခိုင်ပြည်သူတွေ တရားမျှတမှုရရှိဖို့အတွက် ထိထိရောက်ရောက် အရေးယူအပြစ်ပေးသွားဖို့ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ရာဇဝတ်မှု ကျူးလွန်မှုဖြင့် အရေးယူခံရမည့်သူများထဲတွင် ရာထူးအားဖြင့် ဗိုလ်မှူးချုပ်အဆင့်မှသည် အနိမ့်ဆုံး တပ်သားအဆင့်အထိ ပါဝင်ကြောင်း သိရသည်။

“ ဘယ်လိုပြစ်ဒဏ်မျိုးချမှတ်ဖို့လဲဆိုရင် ကျူးလွန်တဲ့ ပြစ်မှုအပေါ်မူတည်ပြီး ပြစ်မှုနဲ့ ပြစ်ဒဏ်မျှတအောင် အပြစ်ပေးအရေးယူသွားဖို့ဖြစ်ပါတယ်”ဟု ဦးခိုင်သုခက ပြောသည်။

လက်ရှိတွင် ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့တိုက်ပွဲများအတွင်း ​ထောင်နှင့်ချီ ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နိုင်ငံတကာ စစ်သုံ့ပန်းဥ​ပ​ဒေများ၊ AAက ချမှတ်ထားသည့် စစ်သုံ့ပန်းဆိုင်ရာ စည်းမျဥ်းစည်းကမ်းများနှင့် အညီ စနစ်တကျ ထိန်းသိမ်းထား​ကြောင်းလည်း AA က​ပြောသည်။

ထို့ပြင် ရခိုင်ပြည်သူများအပေါ်တွင် စစ်ကောင်စီ၏ မည်သည့်တပ်ဖွဲ့က မည်သည့်အချိန်၊ နေရာတွင် မည်ကဲ့သို့ ရာဇဝတ်မှုများ ကျူးလွန်ထားသည်ကိုလည်း AAအနေဖြင့် အသေးစိတ်မှတ်တမ်းတင်ထားခြင်းရှိပြီး အဆိုပါ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးရမိချိန်တွင် သေချာစွာ စစ်ဆေးပြီး စစ်ခုံရုံးတင်၍ အရေးယူသွားမည်ဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

စစ်ခုံရုံးတင်စစ်ဆေးခံရမည့် စစ်သုံ့ပန်းများထဲတွင် မုဒိန်းမှုကျူးလွန်ပြီး လူသတ်ထားသူများ၊ စစ်ကောင်စီ အချုပ်ခန်းထဲတွင် ချုပ်ထားသည့်အရပ်သားများကို သတ်ဖြတ်ခဲ့သူများလည်း ပါဝင်ကြောင်း သိရသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်နေသော်လည်း ULA /AA ထိန်းချုပ်ထားသည့် နယ်မြေများတွင် တရားစီရင်ရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နေပြီး စစ်ဆင်ရေးကြောင့် တရားစီရင်ရေးမလုပ်ဆောင်နိုင်သည့် နယ်မြေများတွင်လည်း တရားရေးတည်ဆောက်မှုလုပ်ငန်းများကို ဆောင်ရွက်နေကြောင်းလည်း ဦးခိုင်သုခက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းကစပြီး စစ်ကောင်စီ၏တပ်စခန်းများကို AA ကထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲများ ပြင်းထန်နေပြီး တိုက်ပွဲကာလအတွင်း AA က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး