ဖျာပုံထောင်အတွင်း အကျဥ်းသား၁၇ ဦး ဒဏ်ရာရခဲ့သည့် ပစ်ခတ်နှိမ်နင်းမှုအပြီး ‌စစ်ကောင်စီတပ်စွဲ

၂၀၂၃ ခုနှစ်၊သြဂုတ်လက ဖျာပုံအကျဥ်း​ထောင်မှအကျဥ်းသားအချို့အား ပြစ်ဒဏ်လွတ်ငြိမ်းပေးခဲ့စ‌ဉ်

001

မဇ္ဈိမ။ ။ ဧရာဝတီတိုင်း၊ ဖျာပုံမြို့အကျဉ်းထောင်တွင် မတ်လ ၃၁ ရက်နေ့ ညနေပိုင်းက အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများအကြား ဖြစ်ပွားသည့် ပဋိပက္ခကို စစ်ကောင်စီကပစ်ခတ်နှိမ်နင်းရာ အကျဉ်းသား ၁၇ ဦးဒဏ်ရာရရှိခဲ့ပြီး ထောင်အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။

ဖျာပုံမြို့အကျဉ်းထောင်အတွင်း မတ်လ ၃၁ရက် ညနေ ၅နာရီခန့်က ထောင်ဝန်ထမ်းများနှင့် အကျဉ်းသားများကြား ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ စစ်တပ်နှင့် ရဲတပ်ဖွဲ့က သေနတ်များဖြင့် ပစ်ခတ်၍ ထောင်ကိုဝင်စီးခဲ့ကြောင်း၊ ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်သည်ဟု ယူဆရသူများကို ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။

“စစ်တပ်ရော ၊ ရဲရောရောက်လာပြီး သူတို့ ထောင်ကို ပြန်ဝင်စီးတယ်။ စီးပြီးမှ အဲ့ဒီမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆတဲ့သူတွေကို ခေါ်ထုတ်တယ်ပေ့ါ။ ခေါ်ထုတ်တဲ့အချိန်မှာ ရိုက်နှက်နှိပ်စက်တာတွေရှိသလို သူတို့ဝင်လာတဲ့အချိန်မှာလည်း အထိကရုဏ်းပုံစံမျိုးဖြစ်နေတာဖြစ်တဲ့အတွက် သူတို့တွေဝင်ရောက်ပြီး ငြိမ်အောင်ထိန်းတယ်ဆိုတဲ့အနေနဲ့ သေနတ်တွေ ဖောက်တာမျိုးတွေ ၊ သေနတ်တွေပစ်ခတ်တာမျိုးတွေလုပ်ခဲ့တယ်လို့ ကျွန်တော်တို့ သိထားရပါတယ်” ဟု ဦးသိုက်ထွန်းဦးက ပြောသည်။

အဆိုပါထောင်တွင်းပဋိပက္ခဖြစ်စဉ်၌နိုင်ငံရေးအကျဉ်းသားအချို့အပါအဝင်အကျဥ်းသား ၁၇ ဦးနှင့် ရဲတပ်ဖွဲ့ဝင်တဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထောင်အာဏာပိုင်များက အကျဉ်းသား ၁၇ဦးအား တိုက်ပိတ်ထားကာ ပြစ်ဒဏ်များထပ်တိုးရန်လည်းရှိသည်ဟု စုံစမ်းသိရှိရကြောင်း ဦးသိုက်ထွန်းဦးက ပြောသည်။ ဒဏ်ရာရ အကျဥ်းသားများ၏နောက်ဆက်တွဲအခြေအနေကို မသိရှိရသေးပေ။

ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ဦးသိုက်ထွန်းဦးက” ဒီလူတွေက သူတို့ရဲ့ထောင်အာဏာပိုင်ရဲ့ တာဝန်ရှိသူအချို့ကို ဓားစာခံလုပ်ပြီးမှ ထောင်ဖောက်ရန် ကြံစည်တယ်ဆိုတဲ့ ပြောဆိုမှုမျိုးကိုတော့ ဒီအကျဉ်းဦးစီးဘက်ကနေ ပြောနေတာမျိုးရှိတယ်။ ဒါပေမဲ့ တကယ့်မြေပြင်မှာ ပါဝင်ပတ်သက်နေသူတွေရဲ့ ​ပြောစကားကို မသိရဘဲနဲ့ကျတော့လည်း ကျွန်တော်တို့က ဒါကိုထည့်ပြောဖို့က တော်တော် စဉ်းစားရတဲ့အခြေအနေမှာရှိတယ်” ဟု ဆိုသည်။

အကျဉ်းထောင်အတွင်း ဖြစ်ပွားခဲ့သည့်အခြေအနေများကို မသိရသေးသော်လည်း အကျဉ်းသားအချို့ ဆူပူမှုဖြစ်ခဲ့ပြီး စစ်ကောင်စီသည် သေနတ်ဖြင့်ပစ်ခတ်နှိမ်နင်းခဲ့ကြောင်း ဖျာပုံမြို့ခံတဦးက ပြောသည်။ မတ်လ ၃၁ရက် ညနေပိုင်းက ဖျာပုံအကျဉ်းထောင်ဘက်မှ သေနတ်သံ ငါးချက်ထက်မနည်းကြားရကြောင်း မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီက ယမန်နေ့ နံနက် ဧပြီလ ၁ ရက်နေ့မှစပြီး အကျဉ်းသားများအတွက်ပို့သည့် ပါဆယ်ထုပ်များကို လက်ခံခြင်းမရှိတော့ဘဲ လုံခြုံရေးတင်းကြပ်ထားကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း အကျဉ်းထောင်ထဲ၌ တပ်စွဲထားကြောင်း ဒေသခံတော်လှန်ရေးအင်အားစုများကပြောသည်။

” ထောင်ထဲမှာ စစ်သားတွေ တပ်စွဲထားဆဲဖြစ်ပြီး ထောင်ဘက်ကိုသွားတဲ့လမ်းတွေကိုလည်း ပိတ်ထားတယ်။ ဧည့်တွေ့ခွင့်လည်း လုံးဝမပေးတော့ဘူး” ဟု မြို့ခံတဦးက ယနေ့ ဧပြီလ ၂ရက်တွင်ပြောသည်။

စစ်ကောင်စီဘက်ကမူ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ မဇ္စျိမအနေဖြင့် အကျဉ်းဦးစီးဌာနထံမေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်၍မရသေးပေ။

ဖျာပုံအကျဉ်းထောင်အတွင်း၌ သေဒဏ်ကျနိုင်ငံရေးအကျဉ်းသားအချို့ရှိနေပြီး အကျဉ်းထောင်ဝန်ထမ်းများက ဖိနှိပ်မှုများရှိနေသည်ဟု ဧရာဝတီတိုင်းမှ တော်လှန်ရေးအင်အားစုများက ထုတ်ဖော်ပြောကြားထားသည်။

ဧရာဝတီတိုင်း၊ပုသိမ်မြို့မှ ပုသိမ်အကျဉ်းထောင်တွင်၂၀၂၃ခုနှစ် ဇန်နဝါရီလ (၅)ရက်နေ့က ထောင်တွင်းပဋိပက္ခဖြစ်ခဲ့ဖူးသည်။ နိုင်ငံရေးအကျဥ်းသား ကျောင်းဆရာတဦးအား စစ်ကောင်စီက ကြိုးပေးမည်ဟု သတင်းများထွက်ပေါ်နေ၍ ယင်းကိစ္စကို ဆန့်ကျင်ကန့်ကွက်ကြောင်း နိုင်ငံရေးအကျဉ်းသားအချို့က ထောင်းတွင်း ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက ပစ်ခတ်နှိမ်နင်းပြီး ရိုက်နှက်ခဲ့ရာ နိုင်ငံရေးအကျဉ်းသားကိုဝေယံဖြိုး သေဆုံးခဲ့ပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

စစ်ကောင်စီလက်ထက်၌အကျဉ်းထောင်များအတွင်း အကျဉ်းသားအခွင့်အရေးလုံလောက်စွာမရရှိဘဲ ဖိနှိပ်ခံနေရကြောင်း နိုင်ငံရေးအကျဉ်းသားများအရေးဆောင်ရွက်နေသူများက မကြာခဏထောက်ပြသတိပေးသည်။ ထောင်တာဝန်ရှိသူများသည် အကျဥ်းထောင် လက်စွဲဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေပြီး အကျဉ်းသားများအပေါ် အကြမ်းဖက်ဖိနှိပ်မှုများရှိနေသည်ဟု အကျဥ်းဦးစီးဌာန အငြိမ်းစားအရာရှိတဦးကပြောသည်။

စာတည်း – အေးချမ်း