ရန်ကုန်တိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ  ၁၈,၀၀၀ ခန့်သာရှိ

တောင်ဒဂုံ ထ ၂ ကျောင်းရှေ့တွင် စောင့်ဆိုင်းနေကြသည့် မိဘများ(ဓာတ်ပုံ-CJ)

ကီရာ

(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းတွင် ၂၀၂၃-၂၀၂၄  စာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုသူ ဦးရေ ၁၈,၀၀၀ခန့်သာ ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်တဦးက ပြောသည်။

လသာမြို့နယ်တွင် ဖြေဆိုသူ ၆၈ဦးခန့်သာရှိပြီး ပန်းပဲတန်း အထက ( ၂ ) တွင် ဖြေဆိုသူ ၁၇ဦးသာ ရှိကြောင်း သိရသည်။

တောင်ဒဂုံမြိုနယ်တွင်လည်း ယခင်လို မူလတန်းကျောင်း အလယ်တန်းကျောင်းများတွင် စာမေးပွဲ မဖြေဆိုရတော့ဘဲ အထက(၂ )ကျောင်း တကျောင်းတွင်သာ ကျောင်းသား ၊ ကျောင်းသူအားလုံးစုပေါင်း၍ သွားရောက်ဖြေဆိုကြရကြောင်း မူလတန်းပြ ဆရာမတဦးကပြောသည်။

“ ဒီနှစ်က မူလတန်း အလယ်တန်းတွေမှာ မဖြေရဘူး။ အထက်တန်းကျောင်းတောင်မှ ထ (၁) ၊ (၂) ၊ (၃) ရှိတာကို ထ( ၂) မှာပဲ အားလုံးစုပြီး တခြားကျောင်းက ကလေးတွေကော အကုန်လာဖြေရတယ်။ ဒီနှစ်က ရန်ကုန်တိုင်းတောင် ဝင်ဖြေတဲ့သူနည်းလို့ အထက်တန်းပြ ဆရာ ၊ ဆရာမတွေပဲ လိုက်စောင့်ရတာ မူလတန်းပြ ဆရာမတွေတောင် မလိုတော့ဘူး။ ကျောင်းတွေလည်း ပေါင်းဖြေရတာဆိုတော့ ရန်ကုန်တိုင်း တတိုင်းလုံးတောင် ဖြေမယ့်သူ သောင်းဂဏန်းလောက်ပဲ တခြားတိုင်းတွေဆို ပိုနည်းတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စာမေးပွဲကို စနစ်သစ် စတင်ထားပြီး ယခင်နှစ်များတွင် စာမေးပွဲကျထားသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက် မဖြေဆိုထားသူများသည်လည်း အပြင်ဖြေ အနေဖြင့် ဝင်ရောက်ဖြေဆိုခွင့်ပြု‌ထားကြောင်း သိရသည်။

” ဒီနှစ်က စနစ်သစ်စဖြေတာဆိုတော့ လူနည်းတယ် ကျောင်းမှာဆိုရင် ဖြေမယ့်သူနည်းလို့ ဒီကျောင်းကို လာဖြေရတာ ။  ဒီနှစ်မှာစဖြေမှာဆိုတော့ စိတ်တော့ နည်းနည်းလှုပ်ရှားတယ် “ဟု စာမေးပွဲ‌ဖြေရန် စောင့်ဆိုင်းနေသည့် ကျောင်းသူတဦးက ပြောသည်။

ယခုနှစ်တွင် လာရောက်ဖြေဆိုသူ သိသိသာသာနည်းပါးနေကြောင်း ကျောင်းသားမိဘတဦးကလည်း ပြောသည်။

“ ဒီနှစ်က လူနည်းတာပေါ့။  အရင်နှစ်ကဆိုရင် ဒီနားမှာ လူတွေ ဖွေးနေတာပဲ။  ဒါတော်တော်လေး နည်းသွားတာ။  ကျောင်းတွေလည်း ပေါင်းဖြေရတယ် ။ မူလတန်းကျောင်းတွေဆိုရင်သွားမဖြေရဘူး ။ အထက်တန်းကျောင်းမှာပဲ ဖြေရတာ” ဟု ၎င်းကပြောသည်။

စစ်ကောင်စီ၏ ပညာရေးစနစ်ကို ဆန့်ကျင်ကြသည့် ကျောင်းသား၊ ကျောင်းသူများသည် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ ပညာရေးစနစ်အောက်တွင် ဆက်လက်ပညာသင်ယူနေကြသည့်အပြင် တချို့ ကျောင်းသား ကျောင်းသူများမှာ General Education Development (GED) အမေရိကန်အထက်တန်းအဆင့်မှီ အောင်လက်မှတ်အတွက် ပြင်ဆင်နေကြပြီး တချို့မှာ လုပ်ငန်းခွင် ဝင်ရောက်နေကြကြောင်း တွေ့ရှိရသည်။

“ CDM လုပ်ထားတာလေ ။   အခုက ကျောင်းလည်း ဆက်မတက်ရတော့ အလုပ်ဝင်လုပ်နေတယ်။ တရက် ၆,၀၀၀ရတယ်  ။ စာတွေလည်း မေ့ကုန်ပါပြီ။ စာနဲ့ဝေးနေတာ သုံးနှစ်ရှိပြီ။ အသက်ကလည်း အခု ၁၉ဆိုတော့ ဖြေလည်း မဖြေချင်တော့ပါဘူး။ လမ်းမှာ အရင်က ဆရာမနဲ့တွေ့တုန်းကတောင် ဆရာမက ဝင်ဖြေဖို့ ပြောတယ် အောင်ချက်များတယ်တဲ့။ စိတ်ကိုက မဖြေချင်တာလေ။ ဒါပေမဲ့ နိုင်ငံရေးကောင်းသွားရင်တော့ သမီး ပြန်ဖြေမှာပါ”ဟု ၁၀တန်းကျောင်းသူ မယုယုက ပြောသည်။

မြန်မာတနိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတင်ထားသူ ဦးရေ ၁၄၅, ၂၀၀ ခန့်ရှိကြောင်း စစ်ကောင်စီ၏ ပြည်ထောင်စု ဝန်ကြီးက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ အတွင်းက ပြောကြားခဲ့သည်။ 

အာဏာသိမ်းပြီးနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ၁၀တန်း ဝင်ရောက်ဖြေဆိုသူ ဦးရေ ၁၆၁,၈၅၀ ရှိခဲ့ပြီး အာဏာမသိမ်းခင် ၂၀၁၉-၂၀၂၀တွင် ဝင်ရောက်ဖြေဆိုသူ ဦးရေ ၉၇၁,၄၀၇နှင့်  နှိုင်းယှဉ်ပါက ၈၀ ရာခိုင်နှုန်း ကျဆင်းနေပြီး အာဏာသိမ်းပြီးချိန်မှ စတင်ကာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသူဦးရေမှာ ဆက်တိုက် ကျဆင်းလာခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး