လွယ်ဂျယ်မြို့မှ ကျပ်သိန်းပေါင်း ၅၃,၀၀၀ ကျော် သိမ်းဆည်းရရှိဟု KIA ဗိုလ်ချုပ်ကြီး ဂွန်မော်‌ပြော

မဇ္ဈိမ။ ။ကချင်လွတ်‌မြောက်ရေးတပ်မတော် (KIA) က သိမ်းပိုက်ထားသည့် တရုတ်- မြန်မာနယ်စပ် လွယ်ဂျယ်မြို့မှ ကျပ်သိန်းပေါင်း ၅၃,၀၀၀ ကျော် သိမ်းဆည်းရရှိ‌ကြောင်း KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်‌က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

“လွယ်ဂျယ်မြို့မှ ရရှိသောကျပ်ငွေ ၅,၃၅၈,၂၀၀,၀၀၀ ကို တပ်မဟာ (၃)တပ်မဟာမှူးမှ အရှေ့တိုင်းဘဏ္ဍာရေးဌာနသို့ စာရင်းသွင်းပေးအပ်ပြီး ဖြစ်ပါသည်”ဟု KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်‌က ပြောသည်။

လွယ်ဂျယ်မြို့မှ ရရှိလာသည့် ငွေကြေးများအား မည်ကဲ့သို့ စီမံသည်နှင့် ပတ်သက်၍ KIO ဘဏ္ဍာရေးဌာန၏ စည်းမျဉ်းအမှတ် (၆၄) တွင် တိုက်ပွဲမှရရှိသော ငွေကြေးနှင့် တန်ဖိုးရှိ‌သော ပစ္စည်းများကို ဘဏ္ဍာရေးဌာနသို့ အပ်နှံရန်၊ ပြည်သူမှ အောင်ပွဲအတွက် အလှုငွေပေးပါက ဘဏ္ဍာရေးဌာနသို့ စာရင်းနှင့်တကွ အပ်နှံရန်၊ အောင်ပွဲဆိုသည်မှာ အားလုံးစုပေါင်းလုပ်ဆောင်မှု၏ ရလဒ်ဖြစ်သောကြောင့် အများနှင့် သက်ဆိုင်သည်ဟု ဖော်ပြထား ကြောင်း၊ ယင်းကြောင့် ဘဏ္ဍာရေးဌာနသို့ အပ်နှံထားခြင်းဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောသည်။

လွယ်ဂျယ်မြို့ရှိ ခလရ (၁၄၂) တပ်ကို KIA က ဧပြီလ ၉ ရက်တွင် သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာတွင် ငွေကျပ် သိန်းပေါင်းများစွာ သိမ်းဆည်းရရှိခြင်းဖြစ်သည်။

စာတည်း ။ ။ ဖူးသိမ်ကျ