မန္တလေးမြို့တွင် မီးလောင်မှုဖြစ်ပွားရာ နေအိမ် ၃လုံး ဆုံးရှုံး

၀၀၈

(မဇ္ဈိမ)။ ။မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၇၆လမ်း၊၄လမ်းနှင့် ၅လမ်းကြား ဥပုသ်တော်၊သူရဲတပ်ရပ်ကွက်တွင် ယနေ့ မတ်လ ၅ရက် နံနက် ၄နာရီ ၁၅ မိနစ် ခန့်က မီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။

အမှတ် (၂ )  နယ်မြေ ရဲစခန်းအနီးရှိပစ်တိုင်းထောင်ခေါက်ဆွဲဆိုင်မှ  စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နေအိမ်သုံးလုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

မီးစတင်လောင်ကျွမ်းမှု ဖြစ်စဉ် နှင့် ဆုံးရှုံးမှုတန်ဖိုးကို မန္တလေးတိုင်း မီးသတ်ဦးစီးဌာနက  မွန်းလွဲ ၁ နာရီအထိ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

မီးလောင်မှုဖြစ်ပွားသည့် နေရာအနီးတွင် နေထိုင်သူ တဦးက ” ပစ်တိုင်းထောင်ခေါင်ဆွဲကြော်ဆိုင်က စလောင်တယ်။ မီးက ဆိုင်အတွင်းမှာ လောင်နေတာ သူတို့တံခါးဖွင့်ပြီး အော်ထွက်လာမှ လောင်တယ်ဆိုတာသိကြတယ်။ အဲဒီဆိုင်ရဲ့တောင်ဘက်က ဖိနပ်ဆိုင်နဲ့အဝတ်ဆိုင်ပါတယ်။ ဘာမှမရကြဘူး။ အားလုံးအတွက် စိတ်မကောင်းဘူး။” ဟု ပြောသည်။

မတ် ၄ရက် ညနေပိုင်းကလည်း မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်ရှိ လိုတရ စက်သုံးဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကားတစီးနှင့်ဆိုင်ကယ်သုံးစီး ဆုံးရှုံးခဲ့ကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး