ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်စစ်ကြောင်းထိုး၊ လက်နက်ကြီးအကြိမ် ၄၀ ကျော်ပစ်ခတ်

မတ်လ ၄ ရက်နေ့က စစ်ကောင်စီ၏လက်နက်ကြီးကြောင့် ဆီဆိုင်မြို့ကနေအိမ်အချို့ ပျက်စီးခဲ့သည်/Photo – PNLA သတင်းနှင့်ပြန်ကြားရေးဌာန

007

(မဇ္စျိမ)။ ။ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတိုက်ခိုက်လာပြီး လက်နက်ကြီးဖြင့် အကြိမ် ၄၀ ကျော်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။

“မြို့မြောက်ဘက်ကို ရုတ်တရက်စစ်ကြောင်းထိုးတယ်၊ ပအိုဝ်းတပ် (PNLA) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်က ပြန်ချတော့ အထိနာပြီးပြန်ပြေးတယ်၊ နောက်တော့ မြို့ထဲကို လက်နက်ကြီးနဲ့ရမ်းသန်းပစ်တော့တာပဲ” ဟု ဒေသခံတဦးက ပြောသည်။

မတ်လ ၄ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အင်အား ၈၀ ခန့်ပါရှိသည့် စစ်ကောင်စီတပ်က ဆီဆိုင်မြို့မြောက်ဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်လာခြင်းဖြစ်ပြီး၊ PNLA က အပြင်းအထန်ပြန်ခုခံသဖြင့် အထိအခိုက်များစွာ ဖြင့် ပြန်ဆုတ်သွားကြောင်း သိရသည်။

“စကစက အထိနာတော့ မြို့ကိုမဲပြီး လက်နက်ကြီးနဲ့ထုတယ်၊ အကြိမ် ၄၀ ကျော်တယ်လို့ PNLA ကလည်း သတင်းထုတ်ထားတယ်၊ လူနေအိမ်ပျက်စီးမှုတွေလည်းရှိတယ်” ဟု အင်းလေးဒေသတွင်း လူထုလှုပ်ရှားမှုအဖွဲ့တခုမှ ပြောရေးဆိုခွင့်ရှိသူကဆိုသည်။

ဆီဆိုင်မြို့ကို ပြီးခဲ့သည့်ဇန်နဝါရီလကုန်ပိုင်းကတည်းက PNLA ကသိမ်းပိုက်ထားခြင်းဖြစ်ပြီး၊ စစ်ကောင်စီဘက်က နည်းမျိုးစုံဖြင့် မြို့တွင်းပြန်ဝင်နိုင်ရန် အကြိမ်ကြိမ်ကြိုးပမ်းနေရာမှ ထိုနေ့နံနက်ပိုင်းတွင် ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏တိုက်ခိုက်မှုနှင့်ပတ်သက်၍ PNLA သတင်းနှင့်ပြန်ကြားရေးဌာနကလည်း ယမန်နေ့ မတ်လ ၅ ရက်နေ့ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

နံနက် ၆ နာရီမှ ညနေ ၅ နာရီအထိ၊ ဆီဆိုင်မြို့မြောက်ဘက်တွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ PNLA ၏အပြင်း အထန်ခုခံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ အထိအခိုက်များစွာဖြင့် ပြန်ဆုတ်သွားကြောင်း၊ အထိနာသွားသည့်စစ်ကောင်စီတပ်သည် တိုက်ပွဲနှင့်မသက်ဆိုင်သည့် ဆီဆိုင်မြို့ကို လက်နက်ကြီးဖြင့်အကြိမ် ၄၀ ကျော်ပစ်ခတ်တိုက်ခိုက်သဖြင့် နေအိမ်အချို့ပျက်စီးခဲ့ကြောင်း၊ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

စစ်ကောင်စီသည် လေယာဉ်များ၊ လက်နက်ကြီးများကိုအလွန်အကျွံအသုံးပြုပြီး ပအိုဝ်းဒေသကိုပစ်ခတ်ဖျက်ဆီးခြင်းဖြင့် စစ်ရာဇဝတ်မှုများကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေသည်ဟုလည်း ထုတ်ပြန်ချက်ကဆိုသည်။

စစ်ကောင်စီသည် မတ်လ ၁ ရက်နေ့ညကလည်း၊ ဆီဆိုင်မြို့ကို လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့သေးကြောင်း၊ ထို့အတူ မတ်လ ၂ ရက်နေ့တွင်လည်း အတွဲလိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် အကြိမ် ၆၀ ကျော် ပစ်ခတ်ခဲ့သေးကြောင်း၊ နှစ်ရက်တာတိုက်ခိုက်မှုအတွင်း လူနေအိမ်အပါအဝင်အဆောက်အဦ ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း၊ ဒေသတွင်းသတင်းများအရသိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)