ကနီမြို့ပေါ်ကို စစ်ကောင်စီ ပေါင် ၅၀၀ဗုံးကြဲတိုက်ခိုက်မှု အရပ်သား သေဆုံးထိခိုက်မှုရှိ

လွှမ်းမိုး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကနီမြို့‌ပေါ်မှ ရပ်ကွက်(၃)နှင့် မင်းကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကာ နေအိမ် ရှစ်လုံး မီးလောင်ပျက်စီးခဲ့သည်။

ယမန်နေ့မတ်လ ၅ ရက်နေ့ နံနက် ၁၁ နာရီခန့်မှ ညနေ ၄ နာရီခန့်အထိ စစ်ကောင်စီက လေကြောင်းမှ မကြာခဏလာရောက်တိုက်ခိုက်မှုတွင် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့ခြင်းဟု မဇ္စျိမ၏မြေပြင်သတင်းထောက်ကသတင်းပေးပို့သည်။

“ဂျက်တိုက်လေယာဉ်နဲ့ သုံးပတ်ပတ်ပြီး ပေါင် ၅၀၀ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်တယ်။တလုံးက ရပ်ကွက်(၃)ထဲမှာ ဖြစ်ပြီး ကျန်တလုံးက မင်းကုန်းကျေးရွာထဲမှာပါ။ ဗုံးရဲ့ ပေါက်ကွဲအားကြောင့် အိမ်နံရံတွေ၊အုတ်တံတိုင်းတွေ လွင့်စင်သွားတယ်။ တစ်ချို့နေအိမ်တွေ ချက်ချင်းမီးလောင်သွားတာ ဖြစ်တယ်”ဟု မြေပြင်သတင်းရင်းမြစ်တဦးကပြော သည်။

ထိုတိုက်ခိုက်မှုကြောင့် မင်းကုန်းကျေးရွာရှိ ဒေသခံ အမျိုးသားတဦး သေဆုံးပြီး နှစ်ဦးပြင်းထန် ဒဏ်ရာရရှိကာ နေအိမ်ရှစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း မဇ္စျိမ၏ မြေပြင်သတင်းထောက်က သတင်းပေးပို့သည်။

ကနီမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည် မတ်လ ၂ရက်မှစ၍ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နှင့် ဂျက်တိုက်လေယာဉ်များကို အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည်။

ယနေ့ မတ်လ ၆ ရက်သည် တိုက်ပွဲ ငါးရက်မြောက်နေ့ဖြစ်သည်။ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်းနှင့် လေကြောင်းမှ ပစ်ကူတိုက်ခိုက်ရန် စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်ချန်နယ်များ၌ ရေးသားဖော်ပြနေကြသည်။ တိုက်ပွဲကာလအတွင်း စစ်ကောင်စီလေကြောင်းမှတိုက်ခိုက်မှုအကြိမ် ၄၀ထက်မနည်းဟု ဒေသခံများကပြောသည်။

တိုက်ပွဲအတွင်းမြို့ပေါ်တွင် ပိတ်မိနေသည့် ပြည်သူအချို့လည်းရှိနေသည်။

“ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ ပြည်သူအယောက် ၈၀ ကျော် ဘေးကင်းတဲ့ဆီကို ရောက်ခဲ့ပြီ။ ဒါ့အပြင် မြို့ထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေလည်း ကျန်ပါသေးတယ်။ လက်နက်သံတွေကြားနေရတော့ မြို့အပြင်ကို မထွက်ရဲဘူးဖြစ်နေကြတယ်” ဟု စစ်ဘေးရှောင်တဦးက ယမန်နေ့က အခြေအနေကိုပြောသည်။

လတ်တလောဖြစ်ပွားနေသောတိုက်ပွဲနှင့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုများကြောင့် ကနီမြို့ပေါ်အပြင် မင်းကုန်း၊တဇယ်ချောင်၊ညောင်ပင်ဝန်း၊ ပန်းဆိုင်း စသည့်ကျေးရွာများမှ ဒေသခံ ၁၀,၀၀၀ နီးပါး နေရပ်စွန့်ခွာစစ်ရှောင်နေရသည်။ ယနေ့နံနက် ၁၁ နာရီခန့်တွင်လည်း စစ်ကောင်စီက ကနီမြို့ပေါ်‌ နေရာအချို့ကို လေကြောင်းမှတိုက်ခိုက်မှုပြုလုပ်နေကြောင်း သတင်းရရှိသည်။

စာတည်း – အေးချမ်း