ကလေးမြို့ မြောက်ပိုင်းတွင် ပြင်းထန်တိုက်ပွဲဖြစ်ပွား

ပုံအညွှန်း -ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ -PDF - Kalay

ပုံအညွှန်း -ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ -PDF – Kalay

ပါခွီး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ပြင်းထန်တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဒေသခံထံက သိရသည်။

“နန်းဆောင်ပုနဲ့ နန်းဟန်နွဲ့ အကြားဖြစ်နေတာ ကံသာယာမှာလည်း ဖြစ်တယ်လို့ ကြားတယ် ၊ ဒီမနက်လည်း လက်နက်ကြီးတွေ တဒုန်းဒုန်းနဲ့ ထုနေကြတာ၊ ရွာမှာမနေရဲလို့ ရှောင်နေရတယ်” ဟု ဒေသခံတဦး က မဇ္စျိမကိုပြောသည်။

ကလေးမြို့အတွင်းမှ အင်အား ၁၀၀ခန့်နှင့် စခန်းကြီးကျေးရွာမှ စစ်ကောင်စီတပ်သား ၅၀ ခန့်တို့ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ယမန်နေ့ ညပိုင်းအချိန်မှစတင်ပြီး ယနေ့မတ်လ ၆ရက် နံနက်အထိ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာသဖြင့် ကလေးမြို့နယ် မြောက်ပိုင်း နန်းဆောင်ပုရွာသစ် ၊ နန်းဟန်နွဲ့ ၊ ကံသစ် ၊ ကံသာယာ၊ ကံကြီး စသည့် ကျေးရွာများမှ ဒေသခံများ ယမန်နေ့ည မှစ၍ ရှောင်တိမ်းနေရပြီး စစ်ကောင်စီတပ်က ယနေ့နံနက်အထိ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဆိုသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားကြောင်း ကလေးမြို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက အတည်ပြုပြောကြားသော်လည်း အသေးစိတ်အခြေအနေကို မသိရသေးဟု ဆိုသည်။

ယခုတိုက်ပွဲများသည် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းယူထားသည့် အခြေစိုက်စခန်းများကို ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီက ထိုးစစ်ဆင်လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံက သုံးသပ်ပြောသည်။

အမှတ်(၁) စစ်ဒေသ ကွပ်ကဲရေးမှူး ဦးဆောင်လျက် ကလေးခရိုင်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များစုပေါင်းပြီး ကလေးမြို့နယ်မြောက်ပိုင်း ကံကြီး ၊ ကံသာယာ ၊ ကလေးတက္ကသိုလ် ၊ ကလေးမြို့နယ်တောင်ပိုင်း စက္ကန့် ၊ အင်ဒိုင်းကုန်း ၊ သာစည် ၊ ထိုမာ ၊ မြို့လှရပ်ကွက်နှင့် GTC ရှိ စစ်ကောင်စီအထိုင်စခန်းများကို ဖေဖော်ဝါရီလ ၂၁ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် စက္ကန့် ၊ ကံကြီး နှင့် ကံသာယာရွာ စခန်းတို့ကို သိမ်းယူနိုင်ခဲ့သည်။

သိမ်းဆည်းခံရသော ရွာများထဲမှ စက္ကန့်ရွာကို ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် စစ်ကောင်စီတပ်က အင်းအားအများအပြားဖြင့် ပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပြီးနောက် မတ်လ ၂ရက်နေ့တွင် ကလေးမြို့တောင်ပိုင်း ထိုမာမှတဆင့် သာယာကုန်း ရွာဖက်သို့ စစ်ကြောင်းထိုးခဲ့ရာ ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယခုတွင် ကလေးမြို့မြောက်ပိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ကံသာယာဖက်ကိုစစ်‌ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

တော်လှန်ရေးမဟာမိတ်များက ကလေးမြို့နယ်ပတ်ဝန်းကျင်းနှင့် မြို့ပေါ်သို့ စစ်ရေးအရှိန်တိုးမြှင့်တိုက်ခိုက်တော့မည်ဖြစ်သဖြင့် ပြည်သူများရှောင်တိမ်းရန် ဖေဖော်ဝါရီလ၂၆ရက်နေ့က သတိပေးပြီးနောက် စစ်ကောင်စီတပ်ဘက်တွင်လည်း လက်နက်ခဲယမ်းနှင့် လူအင်အား နေ့စဥ်ဖြည့်တင်းနေသည်ဟု သိရသည်။

ကလေးမြို့လေယာဥ်ကွင်းသို့ တပ်မတော်လေယာဥ် ဟုခေါ်သော စစ်သုံးလေယာဥ်သည် နှစ်ရက်ခြားတကြိမ်ခန့် ဆင်းသက်ပြီး MI17 ထောက်ပို့လေယာဥ်သည် တနေ့လျှင် လေး၊ငါးကြိမ် ဆင်းသည့်အပြင် MI35 တိုက်ခိုက်ရေးရဟတ်ယာဥ်သည်လည်း လေယာဥ်ကွင်းတွင် အဆင်သင့်ရပ်ထားကြောင်း ဒေသခံထံက သိရသည်။

ကလေးမြို့ပေါ်နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှဒေသခံအများအပြား စစ်ဘေးတိမ်းရှောင်နေရပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးများ လိုအပ်လျက်ရှိနေကြောင်း ကူညီပေးရေးအဖွဲ့များထံက သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ