တရုတ်လက်ရွေးစင်အသင်းနည်းပြဟောင်း လီတိုင် လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်တွေဖြင့် တရားရင်ဆိုင်နေရ

(Screenshot) ၂၀၂၄ ဇန်နဝါရီလ ၁၀ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင်မှ လီတိုင်။

By PKThawn

နိုင်ငံအတွင်း ဘောလုံးလောကမှာ အကျင့်ပျက်ခြစားမှုကို ပိုမိုကျယ်ပြန့်စွာ နှိမ်နင်းမှုရဲ့ တစိတ်တပိုင်းအဖြစ် တရုတ်နည်းပြဟောင်းနဲ့ အဲဗာတန်ကွင်းလယ်ကစားသမားဟောင်းဖြစ်သူ လီတိုင်ကို လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်တွေဖြင့် ကြာသပတေးနေ့မှာ ရုံးတင်စစ်ဆေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။

သူ့ရဲ့ အရင်ခေါင်းဆောင်ဟောင်းတဖြစ် ရာထူးကနေ ပြုတ်ကျသွားသူ တရုတ်ဘောလုံးအဖွဲ့ ဥက္ကဋ္ဌ ချန်ရွှိယွမ်ဟာ ဒေါ်လာ ၁၁ သန်း လာဘ်စားမှုဖြင့် ဒီသီတင်းပတ်အတွင်း ထောင်ဒဏ်တသက် ချမှတ်ခံခဲ့ရတာပါ။

အာဏာရကွန်မြူနစ်ပါတီက တရုတ်တရားစီရင်ရေးစနစ်ကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားပြီး တရားရုံးတွေဟာ ရာဇဝတ်မှုတွေအတွက် စီရင်ချက်ချမှုနှုန်း ၁၀၀ ရာခိုင်နှုန်းပြည့်နီးပါးရှိပါတယ်။

ပြည်တွင်း သတင်းထောက်တွေဟာ အသက် ၄၆ နှစ်အရွယ် လီရဲ့ အမှုကို ကြားနာမယ့် ဟူဘေးပြည်နယ်က တရားရုံးရှေ့မှာ စုဝေးခဲ့ကြပါတယ်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကနေ ၂၀၂၁ ဒီဇင်ဘာလအထိ တရုတ်လက်ရွေးစင်အသင်းနည်းပြဖြစ်ခဲ့သူ လီဟာ လာဘ်ပေးလာဘ်ယူတွေဖြင့် စွပ်စွဲခံထားရတာဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV က ပြောပါတယ်။

၂၀၂၂ ကနေ ၂၀၀၄ အတွင်း ပရီးမီးယားလိဂ်မှာ ၃၄ ပွဲကစားခဲ့သူ လီဟာ တရုတ်ဘောလုံးလောကမှာ ပျံ့နှံ့နေတဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ ပတ်သက်လို့ ဇန်နဝါရီမှာ CCTV က ထုတ်လွှင့်တဲ့ မှတ်တမ်းရုပ်ရှင်မှာ ပါဝင်ခဲ့ပါတယ်။

တရားရုံးမတင်ခင် ရာဇဝတ်မှုကျူးလွန်တယ်လို့ ယူဆရသူတွေရဲ့ ခံဝန်ချက်တွေကို CCTV ရဲ့ ပုံမှန်ထုတ်လွှင့်ပြသတာကို လူ့အခွင့်အရေးအဖွဲ့တွေက ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ပါတယ်။

လီက သူဟာ နည်းပြချုပ်ရာထူးကို ရယူရှိဖို့အတွက် ဒေါ်လာ ၄၂၁,၀၀၀ နီးပါး လာဘ်ထိုးခဲ့ကြောင်းနဲ့ သူဟာ တရုတ်စူပါလိဂ်မှာ ကလပ်အသင်းနည်းပြဖြစ်စဉ်က လုပ်ပွဲကစားမှုတွေပြုလုပ်ပေးခဲ့ကြောင်း အဲဒီအစီအစဉ်မှာ ပြောပါတယ်။

“ကျနော် တကယ့်ကို တောင်းပန်ပါတယ်၊ ကျနော်အနေနဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး လမ်းမှန်နောက်ကိုပဲ လိုက်ခဲ့သင့်တာပါ” လို့ လီက ဆိုပါတယ်။

“အဲဒီတုန်းက တရုတ်ဘောလုံးလောကအတွင်းမှာ လုပ်နေကျ တချို့သောအရာတွေရှိခဲ့ပြီး ကျနော်လည်း အဲဒီလို လုပ်ခဲ့မိပါတယ်”လို့ သူက ထည့်ပြောခဲ့ပါတယ်။

လီဟာ တရုတ်အသင်းအတွက် ပွဲပေါင်း ၁၀၀ နီးပါး ကစားခဲ့ပါတယ်။

(AFP)