အင်းစိန်လေတပ် ဝန်ထမ်းအိမ်ရာဝန်းကို ၄၀ မမ ဗုံးသီးလောင်ချာဖြင့် တိုက်ခိုက်ဟု USFပြော

(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ လေတပ်ဝန်ထမ်းအိမ်ရာဝန်းကို ယမန်နေ့ မတ်လ ၈ရက် ညနေပိုင်းအချိန်က ၄၀ မမ ဗုံးသီးလောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်သည်ဟု Urban Special Force(U.S.F)အဖွဲ့က ထုတ်ပြန်သည်။

တိမ်းရှောင်နေသည့် စစ်ကောင်စီတပ်အရာရှိပိုင်းများ ယင်းအိမ်ရာဝန်းအတွင်းတွင် ခိုအောင်းနေထိုင်နေကြောင်း သတင်းပေးမှုကြောင့် ပစ်ခတ်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

လေတပ်အိမ်ရာထဲတွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆေးရုံကားများရောက်ရှိလာပြီး အခင်းဖြစ်ပွားသည့် အနီးဝန်းကျင်နေရာများရှိ လမ်းပိုင်းအချို့ကို ပိတ်လိုက်သည်ဟု ဒေသခံထံမှ သိရသည်။

ထို့အတူ စစ်ဆေးမှုများ ရှိနိုင်သည့်အတွက် ဒေသခံများအနေဖြင့် အသွားအလာသတိပြုကြရန်လည်း တော်လှန်းအင်အားစုများက အသိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်ခံလေတပ်သည် စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များကြား တိုက်ပွဲများပြင်းထန်နေသည့် နေရာများတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းကြောင့် အရပ်သားပြည်သူ အများပြား သေဆုံးခဲ့ရသည့်ဖြစ်စဉ် အများအပြားရှိနေခြင်းဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့၏ တိုက်ခိုက်မှုများတွင် စာသင်ကျောင်း ၊ဆေးရုံနှင့် ဒုက္ခသည်စခန်းများ ပါဝင်ပြီး သေဆုံးသူများတွင် ကလေးငယ်များလည်း အများအပြားပါဝင်နေကြောင်း တော်လှန်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

ပစ်ခတ်တိုက်ခိုက်မှုများတွင် လေတပ်အရာရှိများသည် အပြစ်ရှိသူများဖြစ်သဖြင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း USFအဖွဲ့က ဆိုသည်။

နောင်တွင်လည်း ပြည်သူများကို မတရားမှုများ ပြုလုပ်ရန် ကြံဆောင်နေသည့် စစ်ကောင်စီလက်အောက်ခံ စီးပွားရေးပိုင်ဆိုင်မှုများအပြင် ပတ်သက်ဆက်နွယ်သူများ၊ ပတ်သက်ဆက်နွယ်မှုများကို စစ်ရေးပစ်မှတ်တခုအဖြစ် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ဖော်ဆောင်သွားမည်ဟု Urban Special Force (U.S.F) က အသိပေးထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ