လက်နက်ခဲယမ်းနှင့်အတူ ခိုလှုံလာသည့် ရဲ ၁ ဦးကို ချင်းကာကွယ်တပ်ဖွဲ့ ဆုငွေချီးမြှင့်

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ဟားခါးမြို့မှ ရဲတပ်သားတဦးသည် လက်နက်၊ ခဲယမ်းများ ယူဆောင်ပြီး ခိုလှုံလာသဖြင့် ဆုငွေချီးမြှင့်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF -Hakha) က မတ်လ ၁၀ ရက် ယမန်နေ့တွင် ထုတ်ပြန်သည်။

ဟားခါးမြို့မှ ရဲတပ်သားသည် ၎င်းကိုင်ဆောင်သော G3 တလက်၊ ကျည်ဆံများနှင့် လက်ပစ်ဗုံးနှစ်လုံး ယူဆောင်လာသဖြင့် မတ်လ ၁၀ ရက်နေ့တွင် ဆုငွေ သိန်း ၅၀ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

“စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်လိုတော့ဘဲ ပြည်သူဖက်ရပ်တည်ဖို့ အတွက် အခုလိုဝင်ရောက်လာတာ” ဟု CDF – Hakha က ပြောသည်။

အဆိုပါ ရဲတပ်သားကို ဆုငွေချီးမြှင့်ပြီးနောက် ဘေးကင်းလုံခြုံရာသို့ ပို့ဆောင်ပေး ထားကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လိုဘဲ CDM လုပ်ပြီး ခိုလှုံလာသူများကို ကြိုဆိုနေမည်ဖြစ်ပြီး လုံခြုံရေးတာဝန်ယူကြောင်း CDF ဟားခါးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့က ဟားခါးမြို့ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြို့တိုးတက်ရေး (နတလ) ကျောင်းဝင်းကို လုံခြုံရေးယူထားသော ရဲအုပ်အဆင့်ရှိသူ အပါအဝင် ရဲတပ်ဖွဲ့ဝင် ငါးဦးကို လက်နက်များနှင့်တကွ CDF – Hakha က ဖမ်းဆီးခဲ့သည်။

မတ်လ ၂ ရက်နေ့ကလည်း ဟားခါးမြို့ပေါ်ရှိ ရဲတပ်သားတဦးသည် လက်နက်ခဲယမ်းများဖြင့် ဝင်ရောက်ခိုလှုံခဲ့ရာ CDF – Hakha က ဆုငွေ သိန်း ၅၀ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့့ကြောင်းသိရသည်။

စာတည်း။ ။ နောင်နောင်