စစ်မှုထမ်းဥပဒေကြောင့် PDFထဲဝင်ရန် ဆက်သွယ်သူများရှိသော်လည်း ဘဏ္ဍာငွေအခက်အခဲကြောင့် လက်မခံနိုင်သေးသည့်အဖွဲ့များရှိ

တံတားဦးမြို့နယ်ပကဖ၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ်(၁)သင်တန်းဆင်းအခမ်းအနားမှတ်တမ်းဓာတ်ပုံများ/Photo:ကိုလေးလှိုင်

007

(မဇ္ဈိမ)။ ။စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် PDF တပ်ဖွဲ့များထံ ဝင်ရောက်ရန် ဆက်သွယ်လာသူများရှိသော်လည်း ဘဏ္ဍာငွေအခက်အခဲကြောင့် လက်မခံနိုင်သေးသည့် အခြေအနေများရှိနေကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့အချို့ကပြောသည်။

“ရဲဘော်အသစ်တိုးလာတာနဲ့အမျှ ကျွန်တော်တို့မှာ စားစရိတ်၊ နေစရိတ်အကုန်ပိုပြီးရှာဖွေရတော့မှာပါ။ ပကဖတွေမှာ တပ်ရင်းတွေနဲ့မတူတာက လစဉ် စားနပ်ရိက္ခာထောက်ပံ့မှုဆိုပြီး သီးသန့်မရရှိသေးပါဘူး။ အလှူငွေနဲ့ပဲရပ်တည်ရတဲ့အခြေအနေ” ဟု တံတားဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဒုတာဝန်ခံကိုလေးလှိုင်က ပြောသည်။

စစ်ကောင်စီကစစ်မှုထမ်းဥပဒေအမိန့်အာဏာတည်ကြောင်းကြေညာပြီးနောက်ပိုင်း တံတားဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံဆက်သွယ်လာသည့် အမျိုးသား၊အမျိုးသမီးလူငယ်စုစုပေါင်းငါးဆယ်ကျော်ရှိသည်ဟု ၎င်းကဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များက ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ တပ်သားသစ်လက်ခံနိုင်သော်လည်း ပြည်သူလူထုတိုက်ရိုက်လှူဒါန်းမှုအနည်းငယ်ဖြင့် ရပ်တည်နေကြရသည့် ဒေသကာကွယ်ရေးအဖွဲ့( LPDF)များအတွက် အခက်အခဲရှိကြောင်း သိရသည်။

“ကျွန်တော်တို့ဆီဆက်သွယ်လာတာတွေလည်းရှိတယ်။ ဒါပေမယ့် လက်ခံနိုင်တဲ့အခြေအနေမရှိဘူး။ စရိတ် မလောက်ဘူးလေ။ ခေါ်ပြီးရင် လက်နက်တပ်ဆင်ရေးအခက်အခဲရှိတယ်” ဟု မန္တလေးတိုင်းမှ ဒေသကာကွယ်ရေးတပ်ဖွဲ့တခုမှ တာဝန်ရှိသူတဦးကပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အတည်ပြုခဲ့ပြီး လာမည့် ဧပြီလသင်္ကြန်ရုံးပိတ်ရက်အပြီးတွင် အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

စစ်ကောင်စီကထိုသို့ကြေညာပြီးနောက်ပြည်သူလူထုကြား၌ စိုးရိမ်မှုများ ရှိနေသည်။ လူငယ်အများအပြားသည် စစ်ကောင်စီထံ ဝင်ရောက်မည့်အစား PDF တပ်ရင်းတပ်ဖွဲ့များနှင့်ပူးပေါင်းတိုက်ပွဲဝင်ရန်စိတ်ကူးရှိကြသည်ဟု တော်လှန်ရေးသတင်းများကဆိုသည်။

လက်ရှိတွင် မန္တလေးတိုင်းအတွင်းရှိ မတ္တရာ၊ ပြင်ဦးလွင်၊စဉ့်ကူး၊ သပိတ်ကျင်း၊ သာစည်၊ ပျော်ဘွယ်၊ မိတ္ထီလာ စသည့်မြို့နယ်များတွင် စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူခြင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကိုလိုက်နာရန်ဟောပြောစည်းရုံးခြင်းတို့ပြုလုပ်နေသဖြင့် တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်လာသူအများအပြားရှိနေကြောင်း သိရသည်။

“ဒေသအလိုက် PDF တပ်ဖွဲ့တွေကိုလည်း ရိက္ခာ၊ လက်နက်ခဲယမ်းပံ့ပိုးပေးသင့်တယ်။သူတို့မှာလည်း ငွေကြေးနဲ့လက်နက်အင်အားတောင့်တင်းနေဖို့လိုအပ်တယ်” ဟု တော်လှန်ရေးသတင်းအရင်းအမြစ်တဦးက မှတ်ချက်ပြုသည်။

စစ်ကောင်စီထံတွင် စစ်မှုမထမ်းလိုသူများ လာရောက်ခိုလှုံပါက ကူညီနိုင်ရန် အဆင်သင့်ပြင်ဆင်ထားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ပြောခွင့်ရပဒိုစောကလယ်စေးက မဇ္ဈိမနှင့်အင်တာဗျူးအစီအစဉ်တွင် ဖြေဆိုထားသည်။

ထို့အတူ စစ်ကောင်စီကိုတော်လှန်နေကြသည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်​ (KNDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ NUG လက်အောက်ခံ တပ်ဖွဲ့များဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY – PDF)၊ တော်ဝင်ဒေါင်းစစ်ကြောင်း၊ ကလေးခရိုင် အမှတ်(၄) တပ်ရင်း၊ ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်းရေဦး PDF၊ မြိတ်ခရိုင်တပ်ရင်း(၂)တို့ကလည်း စစ်မှုထမ်းဥပဒေကို တိမ်းရှောင်လိုသူများအနေဖြင့် ၎င်းတို့ တပ်ရင်းများတွင် တာဝန်ထမ်းဆောင်ရန်ဖိတ်ခေါ်ထားကြသည်။

စာတည်း – အေးချမ်း