အာဏာရှင်စနစ်တိုက်ဖျက်ရန် မွန်တော်လှန်ရေးအင်အားစုများ ပူးပေါင်း

အမှတ် ၈ လမ်းမကြီးကို စစ်ဆေးမှုဆောင်ရွက်နေသည့် MSRF တပ်ဖွဲ့ဝင်များ

ဂျူချန်း

(မဇ္ဈိမ)။ ။ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်ကိုတိုက်ဖျက်ရန် နိုင်ငံရေးနှင့် စစ်ရေးလုပ်ငန်းအချို့ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)တို့မှ ဧပြီ ၇ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ထားသည်။

လက်ရှိတွင် မွန်ပြည်ဖက်ဒရယ်ကောင်စီအနေဖြင့် မွန်ပြည်တော်လှန်ရေးတပ်နှင့် စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားရန် သဘောတူညီ ချက်ရရှိထားကြောင်း MSFC အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နိုင်မွန်စိုင်း ကပြောသည်။

“လောလောဆယ် MSRF ပဲ ကျနော်တို့ MSFC အောက်မှာ ရှိပါတယ်။ MSDF က ကျနော်တို့ အောက်မှာ မရှိသေးဘူး။ ကျနော်တို့ကတော့ စစ်ပစ္စည်းနဲ့ မဆိုင်တဲ့အကူညီတွေ ကူညီသွားမယ်။ စစ်ဘက်ကိစ္စတွေကို တော့ ကျနော်တို့တပ်နဲ့ MSDF တိုက်ရိုက်ဆက်သွယ် လုပ်ဆောင်ပါမယ်” ဟု နိုင်မွန်ဆိုင်းက ရှင်းပြ သည်။

မွန်ပြည်ကာကွယ်ရေးတပ်၏ နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီမှ တာဝန်ရှိသူအချို့သည် မွန်ပြည်ဖက် ဒရယ်ကောင်စီတွင်ပါဝင်ကာ နိုင်ငံရေးတာဝန်များကို ပူးပေါင်းတာဝန်ယူသွားမည်ဖြစ်ပြီး စစ်ရေးပိုင်းတွင် မွန်ပြည်တော်လှန်ရေးတပ်(MSRF)နှင့် ပူးပေါင်းဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။

လက်ရှိတွင် MSRF အနေဖြင့် မွန်ပြည်နယ်တောင်ပိုင်းတွင် အဓိက စစ်ရေးလှုပ်ရှားနေပြီး MSDF သည် မွန်ပြည်နယ်မြောက်ပိုင်းတွင် အခြားတော်လှန်ရေးအဖွဲ့များနှင့်ပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှုရှိရာ တပ် နှစ်ခုပူးပေါင်းကာ စစ်ဆင်ရေးဆောင်ရွက်နိုင်ရန် စီစဉ်နေဆဲဖြစ်ကြောင်း MSDF တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းကပြောသည်။

“မွန်ပြည်တော်လှန်ရေးတပ်က မွန်ပြည်နယ်တောင်ပိုင်းမှာ စစ်ရေးလှုပ်ရှားမှုရှိနေတယ်။ ကျနော်တို့က တော့ အထူးသဖြင့် မွန်ပြည်နယ်မြောက်ပိုင်းမှာ တခြားမဟာမိတ်တွေနဲ့ ပေါင်းပြီး လှုပ်ရှားနေတာရှိတယ်။ ကျနော်တို့ တပ်နှစ်တပ် ပူးပေါင်းပြီးတော့ လှုပ်ရှားဖို့တော့ စီစဉ်နေဆဲပဲ။ MSFC က မွန်ပြည်နယ်တခုလုံး ကို ကိုယ်စားပြုတဲ့အခါကျတော့ တောင်ပိုင်းဖြစ်ဖြစ်၊ မြောက်ပိုင်းဖြစ်ဖြစ် လှုပ်ရှားတာက ကျနော်တို့ စစ်ဆင်ရေးတခုတည်းလို့ပဲ သတ်မှတ်ထားတယ်” ဟု ဒေါက်တာ သီရိမွန်ချမ်းက ပြောသည်။

မွန်အခြေပြု တော်လှန်ရေးတပ်ဖွဲ့များကြား အာဏာရှင်ကို အတူတကွ ပူးပေါင်းတိုက်ဖျက်ရန် သဘော တူညီမှုရရှိခြင်းအတွက်ကြိုဆိုပြီး အခြားမွန်တော်လှန်ရေးတပ်များနှင့် ပူးပေါင်းနိုင်ရန်အတွက်လည်း လို လားကြောင်း မွန်လူငယ်တဦးက ပြောသည်။

“အချင်းချင်း ပူးပေါင်းတော်လှန်မယ့်ကိစ္စကတော့ ဝမ်းသာစရာပေါ့။ ဒါပေမယ့် မွန်မှာ ဒီတပ်တွေပဲရှိတာ မဟုတ်ဘူး တခြားတပ်တွေလည်း အများကြီးရှိသေးတယ်။ သူတို့တွေနဲ့ပါ အကုန်လုံး ပူးပေါင်းနိုင်ရင် ပိုပြီး အခြေအနေကောင်းလာဖို့ရှိပါမယ်။ အမတို့တော့ အဲဒီလို အကုန်လုံးပေါင်းပြီး အာဏာရှင်ကို တိုက်ဖျက် မယ့်နေ့ကိုမျှော်လင့်နေပါတယ်” ဟု မွန်လူငယ်တဦးက ပြောသည်။

မွန်ပြည်တော်လှန်ရေးတပ်(MSRF) သည် မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၏ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုကိုခံယူကာ မွန်ပြည်တပ်(သို့)မွန်ပြည်နယ်တပ်အဖြစ်ရပ်တည်ကြောင်း ၂၀၂၃ ဒီဇင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ထားသည်။

လက်ရှိတွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)အနေဖြင့် မွန်ပြည်ကာကွယ်ရေးတပ်(MSDF)နှင့် နိုင်ငံ ရေးအရ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD အပါအဝင် မွန်ပြည်အခြေပြုတော်လှန်ရေးအဖွဲ့အစည်းများ အားလုံးနှင့် လက်တွဲပူးပေါင်းနိုင်ရန် ကြိုး ပမ်းနေဆဲဖြစ်ကြောင်း MSFC အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နိုင်မွန်စိုင်းကပြောသည်။

“မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်မှာရှိတဲ့ တပ်တွေတော်တော်များများနဲ့ မနှစ်ကတည်းက ကျနော်တို့ MSRF နဲ့ မဟာမိတ်တည်ဆောက်ထားပြီးသားဖြစ်တယ်။ ဒီနှစ်ကျတော့ မွန်လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ NMSP-AD အပါအဝင်ပေါ့်နော် ကျနော်တို့ ပူးပေါင်းဆောင်ရွက်လို့ရအောင် ချိတ်ဆက် ဆောင်ရွက်နေပါတယ်” ဟု နိုင်မွန်စိုင်းက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် မွန်လူမျိုးနှင့် မွန်ပြည်နယ်ကို ကိုယ်စားပြုကာဖွဲ့စည်းခဲ့သည့် မွန်ပြည် ကြား ကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ(MSICC)ကို ၂၀၂၃ ဇန်နဝါရီလတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းများအား မူဝါဒရေးဆွဲကာ အကောင်အထည်ဖော်နိုင်ရန်အတွက် မွန်ပြည်ဖက်ဒ ရယ်ကောင်စီ(MSFC)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) ၏ နိုင်ငံရေးလမ်းညွှန်မှုအောက်တွင် မွန်ပြည်အခြေပြုလက်နက်ကိုင် တပ်တခုဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ်(MSRF) ရှိသည်။ မွန်ပြည်တော်လှန်ရေးတပ်(MSRF)သည် မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစုများဖြစ်သည့် ဒေါနစစ်ကြောင်း၊ ရေး ပြောက်ကျားတပ် – YGF ၊ Ye Air Force – YAF ၊ Ye Defense Force – YDF ၊ ရေးသိန်းငှက်၊ မွန်ပြည်နယ် အခြေပြုတော်လှန်ရေးတပ်ဖွဲ့ – MSRO ၊ ABSDF တပ်ရင်း – ၁ စသည့် အဖွဲ့များနှင့် မဟာမိတ် ဆက်ဆံ ရေးရှိကာ စစ်ဆင်ရေးများ အတူတကွ ပူးတွဲလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

စာတည်း။ ။စောဖေ