စစ်သင်တန်းကျောင်းသို့ သင်တန်းသားပို့ဆောင်သည့် ယာဉ်တန်းတိုက်ခိုက်ခံရ၊ ၂၀ ခန့်သေဆုံးပြီး ၅၀ ခန့် အရှင်ဖမ်းမိ

ဓာတ်ပုံ − အမှတ် (၁) စစ်ဒေသ

ဓာတ်ပုံ − အမှတ် (၁) စစ်ဒေသ

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှတဆင့် အရာတော်မြို့နယ်ရှိ စစ်အခြေခံသင်တန်းကျောင်းသို့ သင်တန်း သားသစ်များပို့ဆောင်သည့် ယာဉ်တန်းအား ကမ်းဖြူရွာအနီးတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှင့် စစ်သင်တန်းသား ၂၀ ဦးသေဆုံးကာ ၅၀ ဦးခန့်အရှင်ဖမ်းဆီးရရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ထားသည်။

ဧပြီလ ၁၂ ရက်နေ့က မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ထောက်ပို့ရေးနှင့် ပို့ဆောင်ရေးတပ်ခွဲ ထပရ (၉၂၉) မှထွက်ခွာလာသော သင်တန်းသားသစ် ၂၅၀ ပါဝင်သော စစ်ကောင်စီ၏ ၁၂ ဘီးကား ငါးစီး၊ အမြန်ယာဉ်တစီးပါယာဉ်တန်းသည် အရာတော်မြို့နယ် စတခ(၁၀) လေ့ကျင့်ရေးတပ်သို့ပို့ဆောင်ရန် ထွက်ခွာလာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်၏ ကားသုံးစီးပျက်စီးပြီး ဗိုလ်ကြီးတဦးအပါအဝင် သင်တန်းသား ၂၀ ခန့်သေဆုံးကာ ၁၅ ဦးဒဏ်ရာရရှိကြောင်းနှင့် ဒုတိယအရာခံဗိုလ်တဦး၊ တပ်ကြပ်ကြီး တဦး၊ အားကစားသိပ္ပံမှ တဦးနှင့် သင်တန်းသားသစ် ၄၅ ဦး စုစုပေါင်း ၄၉ ဦးအရှင်ဖမ်းမိကြောင်း အမှတ် (၁) စစ်ဒေသ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဓာတ်ပုံ − အမှတ် (၁) စစ်ဒေသ

“ကားတွေကိုပစ်နေရင်း ကျတော်တို့ရှေ့မှာ ပြည်သူတချို့ပြေးလာတော့ လွှတ်ပေးလိုက်ရတာဗျ။ နောက် ဆုံးတစီးကလည်း ကျတော်တို့ ကျည်ဖြည့်နေချိန် ပြန်ပြေးတာ။ ကျန်တဲ့သူတွေက ကားသုံးစီးနဲ့ ထွက်ပြေး သွားတာ” ဟု အဆိုပါ တိုက်ခိုက်မှုတွင်ပါဝင်ခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။

တိုက်ခိုက်မှုအတွင်းမှ လက်နက်ငယ်ခုနစ်လက်၊ ကျည်မျိုးစုံ ၅၅၀၀ ခန့်၊ ဗုံးသီး မျိုးစုံ ၈၀ ခန့်၊ RPG-7 ဒုံးသီး ၁၀ လုံး၊ အခြားစစ်အသုံးအဆောင်ပစ္စည်းအများအပြားနှင့် ဖိုင်တွဲ ၈၈ ဖိုင်ကို သိမ်းဆည်းရရှိကြောင်းလည်း အမှတ် (၁) စစ်ဒေသ၏ ထုတ်ပြန်ချက်ကဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း (၆၊ ၁၉၊ ၂၄)၊ မုံရွာခရိုင် ကွန်မန်ဒိုတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက် ကြီးတပ်ဖွဲ့၊ အရာတော်မြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ပကဖ၊ မိတ္ထီလာခရိုင် တပ်ရင်း-၂ ၊ Danger Force LPDF ၊ ကျားသစ်နက် LPDF နှင့် Special Revolution Force LPDF အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ − အမှတ် (၁) စစ်ဒေသ

စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေ(၂၀၁၀)ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စတင် အာဏာတည်ကြောင်းကြေညာခဲ့ပြီးနောက် မတ်လအတွင်းတွင်မူ နိုင်ငံအဝှမ်း၌ အင်အားစုဆောင်းခြင်း၊ မဲနှုက်လူရွေးခြယ်ခြင်းများပြုလုပ်ခဲ့သည်။ ယခင်က သင်္ကြန်ကာလကျော်လွန်မှသာ သင်တန်းအပတ်စဉ် (၁) ကိုစတင်ခေါ်ယူမည်ဟု စစ်ကောင်စီပြန်ကြားရေးမှ ပြောဆိုထားသော်လည်း ပြီးခဲ့သည့် ဧပြီ ၈ ရက် နေ့တွင်မူ တနိုင်ငံလုံးတွင် အပတ်စဉ် (၁) သင်တန်းကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။

သို့သော် ထို့မတိုင်ခင် မတ်လ ၂၉ ရက်နေ့ကပင် အင်အားစုဆောင်းခံရသည့် သင်တန်းသားသစ်များအား စစ်သင်တန်းကျောင်းများသို့ပို့ဆောင်နေသည်ကို ပြည်သူ့စစ်မှုထမ်းများစုစည်းရာ တယ်လီဂရမ်ချန်နယ် တွင် မြင်တွေ့ရသကဲ့သို့ ကာယကံရှင်တို့၏ မိသားစုဝင်များထံမှလည်း သိရသည်။ သင်တန်းအပတ်စဉ် (၁)တွင်တက်ရောက်နေသည့် သင်တန်းသားအရေအတွက်အတိအကျကို စစ်ကောင်စီမှ ထုတ်ပြန်ပြောဆို ခြင်း မရှိသေးပေ။

စာတည်း။ ။စောဖေ