မြင်းခြံမြို့အထွက်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ဗိုလ်အဆင့်ရှိသူ အပါအဝင် ၆ ဦးသေဆုံး

Photo - အမှတ်-၈၁၅ တပ်ဖွဲ့ PLA

Photo – အမှတ်-၈၁၅ တပ်ဖွဲ့ PLA

လွှမ်းမိုး

(မဇ္စျိမ)။ ။ မန္တလေးတိုင်း ၊ မြင်းခြံမြို့အထွက် မြင်းခြံ-တောင်သာ လမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ကားတစီး တိုက်ခိုက်ခံရပြီး စစ်သား ခြောက်ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း အမှတ်(၈၁၅) PLA တပ်ဖွဲ့ထံမှ သိရသည်။

မတ်လ ၁၁ ရက် နံနက် ၁၁ နာရီအချိန်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး သေဆုံး စစ်သား ခြောက်ဦးထဲတွင် ဗိုလ်အဆင့်ရှိသူ တဦးပါဝင်ခဲ့ကြောင်း အမှတ်(၈၁၅) PLA တပ်ဖွဲ့မှ တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် ရဲဘော် တဦးက ပြောသည်။

“သတင်းကြိုတင် ရရှိထားတဲ့အတွက် လမ်းမှာစောင့်ကြိုပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်မှု ၁၀ မိနစ်လောက်သာ ကြာခဲ့ပြီး ကားပေါ်က စစ်သား ခြောက်ဦးစလုံးကို သုတ်သင်နိုင်ခဲ့တယ်။ သေဆုံးစစ်သားတွေထဲမှာ ဗိုလ်အဆင့်ရှိသူ တဦးပါဝင်ခဲ့တယ်”ဟု ၎င်း ရဲဘော်က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ်(၈၁၅) PLA တပ်ဖွဲ့ ( အနောက်မြောက် စစ်ဒေသ) ၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ (PLA) ၊ မြင်းခြံ (35) တပ်ဖွဲ့ နှင့် BGF တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ၊ ကာကွယ်ရေး ရဲဘော်များဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အင်အား ၁၀၀ ခန့် ပါ စစ်ကြောင်း နှစ်ကြောင်းဖြင့် မြင်းခြံမြို့အထွက် အရှေ့ခြမ်းကို စစ်ကြောင်းထိုးကာ ကျေးရွာ ငါးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)