နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၇ မေ ၂၀၂၄)

အမျိုးသား ညီညွတ်ရေးအစိုး

  • အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် မေလ ၇ ရက်က နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ Rt.Hon.Helen Clark ဦးဆောင်သည့် KIA KAHA အဖွဲ့အစည်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
  • အကြမ်းဖက်စစ်ကောင်စီ၏ မတရားအာဏာသိမ်းမှု၌ ပြည်သူများနှင့် အတူ ပါဝင်လာခဲ့သော CDM ဆင်လေးများကို ‌ဒေါင့်သန်းရောဂါ ကာကွယ်ဆေးထိုးပေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
  • အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း တို့မှာရှိတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး (၁၀/၂၀၂၄)ကို မေ ၆ ရက် ပြုလုပ်ခဲ့ကြသည်။
  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ မီးသတ်ရုံးနှင့် တာဝါတိုင်စောင့် စစ်တပ်ကို ဒရုန်း၊ လက်နက်ကြီး များဖြင့် ပစ်ခတ်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေ ဆုံးခဲ့ကြောင်း ရတနာပုံ တပ်ဦး (မန္တလေးခရိုင် ပ.က.ဖ)မှ ထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် အရပ်ဝတ်ဖြင့် ထောက်လှမ်းရေးလုပ်နေသည့် စစ်ဖက်ရေး ရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှတပ်ကြပ်ကြီးတဦးသည် ယမန်နေ့(မေလ ၆ ရက်)ည ၇နာရီခန့်က သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
  • ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်ရှိ ( ၃၂ ) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးကို မိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုကို စုံစမ်းဆဲဖြစ်ကြောင်း Together Urban Force တပ်ဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
  • စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ရှိ စစ်ကောင်စီအခြေစိုက် နေရာသုံးခု ကို ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ကြောင်း Wings of Kalay က ယမန်နေ့(မေလ ၆ရက်)တွင် ထုတ်ပြန်သည်။
  • ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေ ၇ ရက်နေ့တွင် ဖက်ဆစ်စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • လောင်းလုံးမြို့ပေါ်တွင် ​ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး မေ ၆ ရက်​နေ့လယ်ပိုင်းကစစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။
  • စစ်ကိုင်း၊ မန္တလေး အပါအဝင် နိုင်ငံအလယ်ပိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်များ အောင်ပွဲရရှိရေး NUG နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များက အာရုံစိုက်ပေးရန် ဒီးမော့ဆို Local PDF က တိုက်တွန်းအကြံပြုသည်။
  • စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန် ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ မေလ၇ ရက်နေ့တွင် စစ်အာဏာ ရှင်ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • ရန်ကုန်မြို့တွင် လျှပ်စစ်မီး ရရှိမှု တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာ၍ ပြည်သူများနှင့် တော်လှန်ရေး အင်အားစုများပူးပေါင်း၍ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။

တိုင်းရင်းသားလက်နက်ကိုင်များ

  • ကချင်ဒေသတွင် KIA နှင့် ပူးပေါင်းမဟာမိတ်တပ်က ထိုးစစ်အရှိန်မြင့်ပြီး နှစ်လအကြာတွင် KIO ဌာနချုပ်ရှိရာ လိုင်ဇာသို့ အမြောက်ဖြင့် ပစ်ခတ်ခဲ့သည့် စစ်ကောင်စီ ဗျူဟာကုန်း၊ အမြောက်ကုန်း များ အပါအဝင် စစ်ကောင်စီတပ်စခန်း အကြီး နှင့် အသေး စုစုပေါင်း ၇၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ ကြောင်း KIA စစ်ရေးရုံး အချက်အလက်အရ သိရသည်။
  • ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီဗွာကျေးရွာတွင် ကိုယ်ဝန်ဆောင်သည် အမျိုးသမီး တစ်ဦး အပါအဝင် ၉ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် အသုံးပြုရန် ဖမ်းဆီး ထားကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ထုတ်ပြန်သည်။
  • ကရင်နီအမျိုးသားကာကွယ်ရေးတပ်သည် တပ်ရင်း အမှတ် ၂၅ ကို တပ်ရင်းအသစ်အဖြစ် ယနေ့ စတင်ပြီး ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း KNDF/B-25 က သတင်းထုတ်ပြန်သည်။
  • ကချင်ပြည်နယ် ဝိုင်းမော်၊ဗန်းမော်၊ မိုးမောက်နှင့် မန်စီမြို့နယ်မှ စစ်ကောင်စီတပ်စခန်း ၅ခုကို ယနေ့(​မေ ၇ ရက်) မနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နေ့လယ်ပိုင်းတွင် မန်စီမြို့မရဲစခန်းကိုပါ ထပ်မံသိမ်းပိုက်လိုက်ကြောင်းစစ်ရေး သတင်းရင်း မြစ်က ပြောသည်။
  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မလည်တိုက်နယ်ရှိ စစ်ကောင်စီနှင့် ပျူစောထီးအထိုင်စခန်းများကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) များ စီးနင်း တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။
  • ကရင်နီပြည် (ကယားပြည်နယ်)၊ ဖားဆောင်းမြို့တွင် ဧပြီလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးများ အပါအဝင် ၅၆ ဦး လက်နက်ချအညံ့ခံခဲ့ပြီး လက် နက် ကြီး၊ လက်နက်ငယ် အစုံ ၇၀ ကျော်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်သည်။

စစ်ကောင်စီ

  • စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် ပျူစောထီး ဆိုသူများအား ဦးဆောင်ဖွဲ့စည်းနေသော ၅၅၀ဆရာတော် ဦးဝါသဝကို မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(ဗဟို) YMBA က “မင်္ဂလဓမ္မဇောတိကဓဇ” ဘွဲ့ပေးအပ်ကြောင်း ယမန်နေ့ (မေ ၆ ရက်) က ထုတ်ပြန်ထားသည်။
  • မန္တလေးမြို့စက်မှုဇုန်တွင် လျှပ်စစ်ဓာတ်အားမလုံလောက်၍ စက်မှုလုပ်ငန်းအချို့အား လျှပ်စစ် ဓာတ်အားဖြင့် လုပ်ငန်းလုပ်ကိုင်ခြင်းမပြုရန် စစ်ကောင်စီက တားမြစ်ထားကြောင်း People’s Spring သတင်းတွင် ဖော်ပြထားသည်။
  • ယခုဘဏ္ဍာနှစ်စဖြစ်သည့် ၂၀၂၄ -၂၀၂၅ ဧပြီလတစ်လတာအတွင်း ပြည်ပသို့သတ္ထုတွင်း ထွက်ပစ္စည်းများ တင်ပို့ရာတွင် ပုဂ္ဂလိကတင်ပို့မှုမှ ကန်ဒေါ်လာကိုးသန်းကျော်ရရှိထားကြောင်း စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
  • ရန်ကုန်တိုင်းဒေသကြီး ၊လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူ များအားပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ၊နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးမှုနှင့် Biometric ကောက်ယူခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
  • နိုင်ငံခြားနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၇)ခုကို မြန်မာနိုင်ငံ၌ရင်းနှီးမြုပ်နှံရန် ထပ်မံခွင့်ပြု‌ပေးခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှသိရသည်။
  • စွမ်းအင်ဝန်ကြီးဌာနက စက်မှုဝန်ကြီးဌာနရှိ စက်ရုံ ၁၂ ရုံသို့ သဘာဝဓာတ်ငွေ့တစ်နှစ်လျှင် ၃၀ ကုဗပေသန်း ပို့လွှတ်ပေးနေကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

မေ ၇ ရက် သုံးသပ်ချက်

  • ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ၏ မြို့များ စစ်စခန်းများကို KIA ကနေ့စဉ် တိုက်ခိုက်သိမ်း ပိုက်နိုင်ပြီး ထိန်းချုပ်နယ်မြေ ကျယ်ပြန်လာသလို စစ်ကိုင်းတိုင်း အတွင်းထဲထိလည်း KIA နှင့် PDF ဟန်ချက်ညီညီ စစ်ကောင်စီတပ်များနှင့် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးများကို တိုက်ခိုက်နေ သည်ကို တွေ့ရသည်။