TikTok ပိတ်ပင်ရေးဥပဒေကြမ်းနှင့်အတူ အမေရိကန်က တရုတ်ကို virtual စစ်ကြေညာ

The Age
Bruce Wolpe

အမေရိကန်အောက်လွှတ်တော်အမတ်များသည် စစ်ပွဲကြေညာချိန် သို့မဟုတ် အစိုးရလုပ်ငန်းယန္တရားများ ဆက်ဖွင့်ထားစေရေး လုပ်ဆောင်ရန် လိုအပ်သည့်အချိန်မျိုးတွင် အလွန်မြန်ဆန်စွာ လုပ်ကိုင်ဆောင်ရွက်တတ်ကြသည်။ ယခုသီတင်းပတ်တွင်လည်း အမေရိကန်အောက်လွှတ်တော်သည် နိုင်ငံတွင် တရုတ်ကုမ္ပဏီပိုင် လူမှုကွန်ရက် TikTok ကို ပိတ်ပင်တားမြစ်ရေး ကြိုးပမ်းခြင်းအားဖြင့် တရုတ်အပေါ် virtual စစ်ကြေညာသည်။

TikTok တားမြစ်ရေး အမေရိကန်အောက်လွှတ်တော်၏ လုပ်ဆောင်ချက်က TikTok ၏ မိခင်ကုမ္ပဏီ ByteDance ကို ရှော့ခ်ရစေသည်။ အမေရိကန် Super Bowl အားကစားပွဲအတွက် သမ္မတ ဂျိုးဘိုင်ဒင်က အချိန်မီ သူ၏ TikTok အကောင့်ကို ဖွင့်လှစ်ခဲ့သည့်အချိန် တရုတ်ကုမ္ပဏီအပေါ် နှစ်များကြာ ထက်ကြပ်လိုက်နေသည့် ခြိမ်းခြောက်မှုများက နောက်ဆုံးတွင် ဆိုင်းငံ့ခြင်း၊ ကျင့်သုံးမှုမရှိခြင်းအဖြစ်သို့သာ ရောက်လိမ့်မည် ဆိုပြီး ByteDance ကုမ္ပဏီက ယုံကြည်နေခဲ့သည်ဟု သိရသည်။
တရုတ်ကုမ္ပဏီ၏ အထင်က မှားယွင်းခဲ့သည်။

၂၀၂၀ ဩဂုတ်လတွင် ထိုစဉ်က အမေရိကန်သမ္မတအဖြစ် ထမ်းဆောင်နေသည့် ဒေါ်နယ်ထရမ့်သည် COVID-19 ကပ်ရောဂါကြောင့် နိုင်ငံတွင် ဒဏ်ခံခဲ့ရသလို နိုင်ငံရေးဘဝအတွက်လည်း ဘိုင်ဒင်နှင့် ရင်ဆိုင်ယှဉ်ပြိုင်နေခဲ့ရပြီး ၎င်းသည် တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ ထရမ့်သည် TikTok အပေါ် အရေးယူဒဏ်ခတ်မှုများ ချမှတ်မည့်၊ အက်ပလီကေးရှင်းကို ပိတ်ပင်မည့်၊ တရုတ်ဘက်က ကုမ္ပဏီကို အမေရိကန်အကျိုးစီးပွားလုပ်ငန်းများထံ ရောင်းချစေရန် တောင်းဆိုသည့် စီရင် ဆုံးဖြတ်ခွင့်အာဏာရှိသော အမိန့်ညွှန်ကြားချက်တရပ် ထုတ်ရန် အရေးပေါ် စီးပွားရေး အခွင့်အာဏာတို့ကို မှီးငြမ်းခဲ့သည်။

TikTok သည် တရားရုံးများ၌ အရေးပေါ် ကြေညာချက်ကို အထမမြောက်နိုင်စေခဲ့သော်လည်း ကိစ္စများက ပျောက်ပြယ်မသွားခဲ့ပေ။ပြီးခဲ့သည့် တနှစ်အကြာက ဝါရှင်တန်တွင် TikTok အပေါ် တိုက်ခိုက်မှုသုံးခု စတင်ခဲ့သည်။ အမေရိကန် ရီပတ်ဘလစ်ကန်အမတ်များသည် အောက်လွှတ်တော်တွင် တာဝန်ဝတ္တရားများကို တာဝန်ယူချိန် တရုတ်အပေါ် ၎င်းတို့၏ ရန်လိုမှုကို တရှိန်ထိုးမြှင့်ခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီဆိုင်ရာ အထူးကော်မတီတရပ်ကို ထူထောင်ဖွဲ့စည်းခဲ့သည်။ လူတိုင်းသည် သတင်းစကားရခဲ့သည်။ ထို့ပြင် အမေရိကန် ဂျာနယ်လစ်များအပေါ် TikTok က စောင့်ကြည့်ထောက်လှမ်းမှုနှင့်ပတ်သက်ပြီး အမေရိကန် တရားရေးဌာနက ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတရပ်ကို ကြေညာခဲ့သည်။

ထို့ပြင် အောက်လွှတ်တော် စွမ်းအင်နှင့် ကုန်သွယ်မှု ကော်မတီကလည်း TikTok အမှုဆောင်အရာရှိချုပ် Shou Zi Chew ကို ငါးနာရီကြာ ကြားနာမှုတရပ်အတွင်း ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခဲ့သည်။ “TikTok ဟာ ပိုပြီး ထိန်းချုပ်ဖို့၊ ပိုပြီး စောင့်ကြည့်ထောက်လှမ်းဖို့နဲ့ ပိုပြီး ကြိုးကိုင်ခြယ်လှယ်ဖို့အတွက် လမ်းကြောင်းကို ထပ်တလဲလဲ ရွေးချယ်ခဲ့တယ်။ ဒီပလက်ဖောင်းဟာ ပိတ်ပင်ခံရသင့်တယ်”ဟု ကော်မတီ၏ ရီပတ်ဘလစ်ကန်ဥက္ကဋ္ဌ ကေသီ ရော့ဂျာစ်က ပြောသည်။

ခြောက်လအတွင်း TikTok ကို အမေရိကန်စီးပွားရေးလုပ်ငန်းအကျိုးစီးပွားများထံ မဖြစ်မနေ ရောင်းချရန် တောင်းဆိုသည့်၊ ထိုသို့မရောင်းချပါက TikTok ကို အမေရိကန်တွင် ပိတ်ပင်သွားမည့် ပစ်မှတ်ထားလုပ်ဆောင်သော ဥပဒေမူကြမ်းတရပ်ကို ယခု ပြီးခဲ့သည့် သီတင်းပတ်တွင် အမေရိကန်အောက်လွှတ်တော်ကော်မတီနှစ်ရပ်က တင်သွင်းခဲ့သည်။ အားကောင်းသော ဥပဒေပြဋ္ဌာန်းမှုနှင့် ပြင်းထန်သော တဖက်သတ်ကျလွန်းမှုအတွက် နာမည်ရှိသည့် စွမ်းအင်နှင့် ကုန်သွယ်မှုကော်မတီက ထိုဥပဒေမူကြမ်းကို တညီတညွတ်တည်း (၅၀-၀) ဖြင့် ထောက်ခံအတည်ပြုသည်။

ထိုဥပဒေအတွက် အခြားတွန်းအားပေးလှုံ့ဆော်မှုတချို့လည်း ရှိသည်။ တရုတ်သည် ၂၀၂၂ အမေရိကန်သက်တမ်းဝက် ရွေးကောက်ပွဲများတွင် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်းများကိုရော၊ ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းများကိုရောကို ပစ်မှတ်ထားခဲ့သည် ဆိုပြီး အမေရိကန် အမျိုးသားထောက်လှမ်းရေး ဒါရိုက်တာက ခြိမ်းခြောက်မှု အကဲဖြတ်အစီရင်ခံစာတရပ်ကို ထုတ်ပြန်သည်။

အစ္စရေးလိုလားထောက်ခံမှု အားကောင်းသည့် အမေရိကန်ကွန်ဂရက်တွင် ဂါဇာစစ်ပွဲကလည်း အကြောင်းကိစ္စတခု ဖြစ်လာခဲ့သည်။ အောက်တိုဘာ ၇ ရက်က အစ္စရေးအပေါ် ဟားမတ်စ်တို့၏ တိုက်ခိုက်မှုဖြစ်ပြီးနောက် TikTok ပလက်ဖောင်းတွင် ဂျူးဆန့်ကျင်ရေး ပို့စ်များ သိသိသာသာ မြင့်တက်ခြင်းနှင့်အတူ အစ္စရေးသည် အလွန်ပင် မသင့်လျော်စွာ ရင်ဆိုင်နေခဲ့ရသည် ဆိုပြီး ပလက်ဖောင်း၏ အသုံးပြုသူ အများအပြားနှင့် လေ့လာအကဲခတ်သူများက တွေးဆထင်မြင်ကြသည်။ အယ်လဂိုရီသမ်က ပါလက်စတိုင်း လိုလားသော ဗီဒီယိုများကို တွန်းအားပေးလှုံ့ဆော်ရန်ဟု ထင်မြင်ခံရသည်။

TikTok သည် ယင်း၏ စည်းရုံး ဆွယ်မှု မဟာဗျူဟာတွင် စမ်းတဝါးဝါး ဖြစ်ခဲ့သည်။ ယခု အမေရိကန်အောက်လွှတ်တော် ဥပဒေမူကြမ်းက အလွန်မြန်ဆန်သည့် လမ်းကြောင်းတခုပေါ်တွင် ရှိနေသည်။ ယင်း၏ တန်ပြန်ထိုးချက်က အောက်လွှတ်တော် စွမ်းအင်နှင့် ကုန်သွယ်မှု ကော်မတီ အဖွဲ့ဝင်များ၏ ကွန်ဂရက် ခရိုင်များ၌ နေထိုင်သည့် TikTok အသုံးပြုသူများ၏ ဖုန်းများကို စာပို့သင်္ကတေဖြင့် အကြောင်းကြားရန်ဖြစ်သည်။ လူထုအတွင်း ပြင်းထန်သည့် စိတ်လှုပ်ရှားမှုဂယက် နှိုးဆော်မှုများက ဥပဒေပြုအမတ်များကို ဒေါသထွက်စေသည်။

သို့သော် TikTok ၏ အလွန်ကြီးမားသည့် အတိုင်းအတာက ယင်း၏ ပြန်လည်ခုခံရင်ဆိုင်မှုအတွက် အဓိကကျသည်။ TikTok တွင် မဟာမိတ်များ ရှိသည်။
TikTok ၏ အဓိက ရင်းနှီးမြှုပ်နှံသူတဦးဖြစ်သလို အမေရိကန် ရီပတ်ဘလစ်ကန်ကိုယ်စားလှယ်လောင်းများအတွက် ဩဇာရှိ ဘဏ္ဍာရေး ထောက်ပံ့သူလည်းဖြစ်သည့် ဂျက်ဖ် ရက်စ်က ယခု ဥပဒေမူကြမ်းအပေါ် ဆန့်ကျင်ကြောင်း ထုတ်ဖော်ထားသည်။ “ဂတ်စ်မီးဖို၊ ရုပ်ကြွင်းလောင်စာ၊ မင်သော် စီးကရက်တွေနဲ့ vape စတာတွေနဲ့ပတ်သက်လို့ ဘိုင်ဒင်က ပိတ်ပင်ဖို့ ရှိနေချိန်မှာ ရီပတ်ဘလစ်ကန်ပါတီအနေနဲ့ “ပိတ်ပင်တားမြစ်မှုများ” ပါတီအဖြစ် ဘာကြောင့် အမြင်ခံချင်ကြရတာလဲ” ဟု ထရမ့်၏ အကြံပေးဟောင်း ကယ်လ်ယန်နီ ကွန်ဝေးက ပြောသည်။

ထို့ပြင် “ဒီဥပဒေက TikTok နဲ့ပဲဆိုင်တာ မဟုတ်ဘူး။ ဒါက ဆင်ဆာဖြတ်တောက်မှုနဲ့ အစိုးရထိန်းချုပ်မှုနဲ့လည်း ပတ်သက်နေတယ်” ဟု နာမည်ကျော်သူဌေးကြီး အီလွန် မတ်စ်ကလည်း ပြောသည်။

TikTok တားမြစ်ရေး ဥပဒေမူကြမ်းကို အောက်လွှတ်တော်တွင် အလုံးစုံ မဲခွဲဆုံးဖြတ်မှု မတိုင်မီမှာပင် အကြီးမားဆုံး အံ့အားသင့်စရာတခု ဖြစ်ခဲ့သည်။ ယင်းမှာ TikTok ကို တရားမဝင်ကြောင်း ကြေညာရန် ညွှန်ကြားခဲ့ဖူးသည့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ပြောင်းပြန်လုပ်မှု၊ ဂငယ်ကွေ့ ကွေ့မှုပင် ဖြစ်သည်။ ကိုယ့်အကျိုးစီးပွားကို ထုတ်ဖော်ရာတွင် မည်သူမှ ထရမ့်ကို မီမည် မဟုတ်ပေ။ “တကယ်လို့ ခင်ဗျားတို့ TikTok ကို ဖယ်ရှားလိုက်မယ်ဆိုရင် Facebook နှင့် တည်ထောင်သူ မက်ခ် ဇက်ကာဘတ်ခ်က သူတို့ရဲ့ စီးပွားရေးလုပ်ငန်းကို နှစ်ဆတိုးချဲ့ပါလိမ့်မယ်။ ကျုပ်ကတော့ Facebook ကို အလိုမရှိဘူး။ Facebook ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက လိမ်လည်လှည့်စားခဲ့တယ်လေ။ သူတို့ (facebook) ဟာ ပြည်သူတွေရဲ့ တကယ့်ရန်သူပဲ” ဟု ထရမ့်က သူ၏ ကိုယ်ပိုင် ဆိုရှယ်မီဒီယာ ပလက်ဖောင်း Truth Social တွင် ပြောသည်။

TikTok အတွက် အမေရိကန်ကွန်ဂရက်ထဲရှိ ရုတ်ရုတ်သဲသဲ အခြေအနေတွင် ဆက်လက်ရှင်သန်ရပ်တည်နိုင်ခြင်းကို မြင်ရစေနိုင်သည့် အကြီးမားဆုံး ကိစ္စက ယင်း၏ အတိုင်းအတာနယ်ပယ်ပင် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် TikTok ကို အသုံးပြုသူ (user) ၁၇၅ သန်းခန့် ရှိသည်။ အဆိုပါ အသုံးပြုသူများအနက် သန်းပေါင်းဆယ်ချီအထက်သည် ငယ်ရွယ်သည့် အသက်အပိုင်းအခြား ရှိသူများဖြစ်ပြီး တခုခုတွင် နှစ်မြှုပ်လုပ်ကိုင်တတ်ကြသူဖြစ်သလို ၎င်းတို့အပြင် TikTok ကို အသုံးပြုပြီး အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ ၇ သန်းခန့်လည်း ရှိနေသည်။ ယင်းအတွက်ကြောင့် နိုင်ငံရေး ဂယက်ရိုက်ခတ်မှု တစုံတရာ မရှိဘဲ TikTok ကို ဖယ်ရှားနိုင်သည် ဆိုပြီး အမေရိကန်လွှတ်တော်အမတ်များက အမှန်တကယ်ပင် ထင်မြင်နေပါသလား။

သင့်အနေဖြင့် ကလေးငယ်တဦးထံမှ lollipop ချိုချဉ်တလုံးကို ယူလိုက်ပါက ဘာဖြစ်မည်လဲ ဆိုသည်ကို သင်သိပါလိမ့်မည်။ ကလေးငယ်သည် စအော်ပါလိမ့်မည်။ ထိုသို့အတိုင်းပင် TikTok ကို ဖယ်ရှား၊ တားမြစ်ပိတ်ပင်ပါက အမေရိကန်ရှိ TikTok အသုံးပြုသူများသည် ၂၀၂၄ ခုနှစ် ၎င်းတို့၏ ဆန္ဒမဲပေးမှုူများနှင့်အတူ စတင်အော်ဟစ်နိုင်သည်။ လက်ရှိ အမေရိကန်သမ္မတ ဘိုင်ဒင်သည် လူငယ် မဲဆန္ဒရှင်များကို သိမ်းသွင်းနိုင်ရေး အပြင်းအထန် ရုန်းကန်နေရရင်း ဝန်ပိသည့် အခြေအနေတခုတွင် ရှိနေသည်။ မည်သို့ဆိုစေ ကွန်ဂရက်တွင် ယခု TikTok တားမြစ်ရေး ဥပဒေမူကြမ်း အတည်ပြုပါက ၎င်းအနေဖြင့် ထိုဥပဒေကို လက်မှတ်ထိုးမည် ဖြစ်ကြောင်း ဘိုင်ဒင်က ထပ်တလဲလဲ ပြောထားသည်။

ထိုကိစ္စက အရေးလည်း ကြီးသလို မသေချာမရေရာမှုလည်း ရှိသည်။ ဆိနိတ် (အမေရိကန်အထက်လွှတ်တော်) တွင် counterpart ဥပဒေမူကြမ်း ရှိမနေပေ။ ယခု ဥပဒေမူကြမ်းသည် ပထမဆုံး ပြင်ဆင်မှုကို ချိုးဖောက်သည် ဆိုပြီး အထက်လွှတ်တော် အမတ်တချို့က အလွတ်သဘောဖြင့် စိုးရိမ်ပူပန်မှုတို့ကို ထုတ်ဖော်ထားသည်။

သို့သော် တရုတ်ဆိုင်ရာ အထူးကော်မတီ၏ ရီပတ်ဘလစ်ကန်ဥက္ကဋ္ဌ မိုက်ခ် ဂါလက်ဂါက အောက်လွှတ်တော်တွင် အပြီးအပြတ်စကား ပြောဆိုထားသည်။ “ဒီ ဥပဒေမူကြမ်းက TikTok ကို တရုတ်ကွန်မြူနစ်ပါတီနှင့် အဆက်ဖြတ်တောက်စေဖို့ တွန်းအားပေးတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။ ယင်းသည် အတိအကျအားဖြင့် အောက်လွှတ်တော်က လုပ်ဆောင်ရန် ဆန္ဒရှိသည့် ကိစ္စဖြစ်သည်။

(*Bruce Wolpe သည် ဆစ်ဒနီ တက္ကသိုလ်၊ အမေရိကန်လေ့လာမှုစင်တာမှ အကြီးတန်း သုတေသီတဦးဖြစ်သည်။ သူသည် အမေရိကန်ကွန်ဂရက်၌ ဒီမိုကရက်တစ်အမှုထမ်းများနှင့်အတူ ထမ်းဆောင်ခဲ့သလို ဩစတြေးလျဝန်ကြီးချုပ်ဟောင်း ဂျူလီယာ ဂီလာ့ဒ်၏ အရာရှိချုပ်အဖြစ်လည်း ထမ်းဆောင်ခဲ့သည်)