သမ္မတ ရှီ၏ ကြွေးကြော်သံအောက် တရုတ်စီးပွားရေး အကျပ်အတည်းဆိုက်

Greek City Times

တရုတ်ဥပဒေပြုလွှတ်တော်သို့ အစီရင်ခံရာတွင် ဝန်ကြီးချုပ် လီချန်းက လျှပ်စစ်ကား၊ စက်ပစ္စည်းသစ်များ၊ စီးပွားဖြစ် အာကာသ ပျံသန်းမှု၊ ကွမ်တမ်နည်းပညာနှင့် သိပ္ပံ့ပညာတို့အပါအဝင် ဖွံ့ဖြိုးမှု ကဏ္ဍနှင့် စက်မှုလုပ်ငန်းများအား ထောက်ပံ့ခြင်းဖြင့် “ရှေ့သို့ ခုန်ပျံကျော်လွှားခြင်း ဗျူဟာသစ်” ကို ကြွေးကြော်ခဲ့သည်။ သို့ရာတွင် အဆိုပါ ရှေ့သို့ချီဗျူဟာက တရုတ်၏ လက်ရှိ စီးပွားရေး အခက်အခဲများကို မလျော့ပါးစေပေ။

နောက်ဆုံးပိတ် စိန်ခေါ်မှုမှာ တရုတ်ငွေကြေးသည် ပြည်ပ ပိုင်ဆိုင်မှုအာမခံ အက်ဆက်များ၌ ရင်းနှီးမြုပ်နှံထားသော ရန်ပုံငွေများသို့ စီးဝင်နေသကဲ့သို့ တဖက်တွင်လည်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်ထားခြင်းပဲ ဖြစ်သည်။ ယင်းက ပြည်တွင်းဈေးကွက်များ ပြန်လည်လန်းဆန်းရေးနှင့် ယွမ်ငွေ တည်ငြိမ်ရေးတို့အတွက် တရုတ်၏ ကြိုပမ်းမှုများကို ခက်ခဲရှုပ်ထွေးစေသည်။ လက်လီငွေသားတို့က ပြည်ပတွင် တရုတ်ငွေကြေးဖြင့် ရင်းနှီးမြှုပ်နှံမှုအတွက် ရှိထားသော အနည်းငယ်သော လမ်းကြောင်းမှ တခုဖြစ်သည့် Qualified Domestic Institutional Investor (QDII) စီမံကိန်း၏ အောက်မှ အပြန်အလှန် ကုန်သွယ်မှု ရန်ပုံငွေ (ETFs) နှင့် နှစ်ဦးနှစ်ဖက် ရန်ပုံငွေများသို့ ရုတ်ခြည်း စီးဝင်နေသည်။

ယခုနှစ်၌ QDII စီမံကိန်း ရန်ပုံငွေပေါင်း ၃၈ ခု ရှိကြောင်း ရင်းနှီးမြုပ်နှံမှု သုတေသနကုမ္ပဏီ Morninstar က ဖော်ပြခဲ့သည်။ ယင်းကြောင့် တရုတ်ရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်၊ ဂျပန်နှင့် ထွန်းသစ်စဈေးကွက်များဆီ မျက်စိကျနေကြောင်း ညွှန်ပြလျက် ရှိနေသည်။ တရုတ်၏ လက်ရှိ စီးပွားရေး ပြန်လည်နာလန်ထူမှု အလားအလာက ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ဖိစီးထားကြောင်း သံသယများလည်း ရှိနေသည်။

ဈေးကွက်များ၌ ယုံကြည်မှု နိမ့်ကျခြင်းသည် တိုင်းတပါးသို့ ရုတ်ခြည်း ရင်းနှီးမြှုပ်နှံမှုများ စီးဆင်းစေလျက် ရှိနေသည်။ ယင်းကို QDII စီမံကိန်းအောက်မှ ရန်ပုံငွေများ ရောင်းချရခြင်းက သက်သေပြလျက် ရှိသည်။ အဆိုပါ စီမံကိန်းသည် ပြည်ပ အစုရှယ်ယာများ ဝယ်ယူခွင့်ကိုလည်း ခွင့်ပြုထားခြင်း ဖြစ်သည်။

QDII ၏ ရန်ပုံငွေအစုများ ၂၀၂၄ ဇန်နဝါရီတွင် ရောင်းချရမှုက တနှစ်ကထက် ၅၀ ရာခိုင်နှုန်း ခုန်တက်ပြီး စံချိန်တင်ခဲ့ကြောင်း ရိုက်တာသတင်းက ဆိုထားသည်။ ပြည်တွင်းက ရှယ်ယာရန်ပုံငွေများမှာမူ ၃၅ ရာခိုင်နှုန်း ကျဆင်းသည်။ QDII ရန်ပုံငွေအတွက် စီမံခန့်ခွဲမှုအောက်က ပိုင်ဆိုင်မှု အာမခံ အက်ဆက်များ ရောင်းအားသည် တနှစ်ကထက် ၁၉ ရာခိုင်နှုန်း မြင့်တက်သည်။

တရုတ် နိုင်ငံခြားငွေလဲလှယ်မှုရုံးက QDII စီမံကိန်း၏ ပြည်ပရင်းနှီးမြှုပ်နှံမှု အမြင့်ဆုံး အကန့်အသတ်ကို ချမှတ်ခဲ့သည်။ ဇူလိုင်လမှစတင်ကာ ခွဲတမ်းသစ် ချထားပေးခြင်းလည်း မရှိတော့ရာ ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၆၅ ဒသမ ၅ ဘီလီယံပဲ နဂိုအတိုင်း ရှိတော့သည်။ အခြားတဖက်တွင် အဆိုပါ ခွဲတမ်းသည်လည်း အားလုံး ရင်းနှီးမြုပ်နှံ ပြီးသလောက် ရှိနေသည်။ ပြည်တွင်း၌ ရှယ်ယာဈေးနှင့် အိမ်ခြံမြေဈေး ကျဆင်းခြင်းကို ပြည်တွင်းရင်းနှီးမြုပ်နှံသူများက ရှောင်လွှဲနိုင်အောင် ကြိုးပမ်းနေရာ ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် တောင်းဆိုမှု ပို၍ များပြားလာခဲ့သည်။

၂၀၀၆ ခုနှစ်က စတင်သော QDII စီမံကိန်းသည် ပြည်မမှ တရုတ်ရင်းနှီးမြုပ်နှံသူများအတွက် အဓိက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လမ်းကြောင်းအဖြစ် ဆက်လက်ရှိနေသည်။ အခြားသော ရွေးချယ်စရာ အခွင့်အလမ်းမှာ Qualified Domestic Limited Partnership (QDLP) စီမံကိန်းပဲ ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ၌ တရုတ်အရှေ့မြောက်ပိုင်းသို့ ခရီးစဉ်ထွက်ရာ၌ သမ္မတ ရှီကျင့်ဖျင် ကြွေးကြော်ခဲ့သော “ထုတ်ကုန်သစ် အင်အားစုများ” ဆိုသည်နှင့် အဆိုပါ ကမ်းလွန် ရင်းနှီးမြှုပ်နှံမှုများက ဖီလာဆန့်ကျင်လျက် ရှိနေသည်။ ရှီက တိုးတက်သော ကဏ္ဍများ၌ တီထွင်ဆန်းသစ်မှုကို အခြေတည်ပြီး စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ပုံစံသစ်ကို လိုအပ်ကြောင်း အလေးထားထားသည်။

ယင်း ပုံစံသစ်ကို ဖော်ဆောင်နိုင်ရေးသာ ရှီကျင့်ဖျင်က စိတ်နှစ်ထားခြင်းပဲ ဖြစ်သည်။

ရှီ၏ ထို အတွေးအမြင်သည် မတ်လ၌ ကျင်းပသော မျက်နှာစုံညီအစည်းအဝေး၌ “ရှေ့တန်းနှင့် ဗဟိုချက်” ဖြစ်ခဲ့သည်။ ဂြိုဟ်တုအင်တာနက်အက်ပ်လီကေးရှင်းများနှင့် နျူကလီးယား ပေါင်းစပ်မှု သုတေသနလုပ်ငန်းများ အပါအဝင် စက်မှုလုပ်ငန်းအတွက် အထောက်အကူ ပြုသွားမည်ဟု တရုတ်နိုင်ငံတော် စီမံကိန်းဌာန အမျိုးသား ဖွံ့ဖြိုးမှုနှင့် ပြုပြင်ပြောင်းလဲမှု ကော်မရှင်က ကတိကဝတ်ပြုကြောင်း ၎င်း၏ နှစ်ပတ်လည် အစီရင်ခံစာ၌ ဖော်ပြထားသည်။

ထိုပြင် နည်းပညာမြင့် စက်မှုလုပ်ငန်းများကို ဦးတည်မည့် ဟန်လည်း ရှိသည်။ ထိုအတွက် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ သမရိုးကျ စက်မှုလုပ်ငန်းများကို ဘာလုပ်မလဲဆိုသည့် မေးခွန်း ကျန်ရစ်သည်။

ကြွေးကြော်သံက အနာဂတ် တရုတ်ဖွံ့ဖြိုးမှုအတွက် မျှော်လင့်ချက်များကို မီးမောင်းထိုးပြထားသော်လည်း အောက်အလွှာတွင် လက်ရှိ စီးပွားရေး အခက်အခဲများက ရှိနေသည်။ ပြည်နယ်အစိုးရများ၏ ကြွေးမြီမဆပ်နိုင်ခြင်းများ၊ အားနည်းသော စားသုံးသူ ယုံကြည်မှုနှင့် အိမ်ခြံမြေ အကျပ်အတည်း စသော အခက်အခဲများ ရှိနေသည်။ ရှီ၏ အတွေးအမြင်သစ်ကို တရုတ်အနေဖြင့် မည်သို့ အကောင်အထည် ဖော်မည်နည်းဆိုကာ မေးခွန်းထုတ်စရာ ရှိသည်။

တရုတ်အနေဖြင့် မဟာဗျူဟာကဏ္ဍများသို့ ရန်ပုံငွေ ဖြည့်တင်းရန် အမေရိကန်ဒေါ်လာ ၁၃၉ ဘီလီယံနှင့် ညီမျှသော အထူးငွေချေးစာချုပ် ယွမ် တထရီလီယံဖိုး ထုတ်ဝေသွားမည်ဖြစ်ကြောင်း လီက ၎င်း၏ အစီရင်ခံစာတွင် ဆိုထားသည်။

QDII အောက်မှ ပြည်ပရန်ပုံငွေများ၌ ရင်းနှီးမြုပ်နှံရေးအတွက် လက်ရှိ လုံးပမ်းနေရမှုသည် တရုတ်၏ capital account နှင့် ငွေကြေးတို့အပေါ် ဖိစီးမှုများ ရှိနေကြောင်းကို လှစ်ဟပြနေသည်။ ဈေးကွက်၌ ပြည်တွင်းရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု တည်ဆောက်ရေးတွင်လည်း စိန်ခေါ်မှုများ ဖြစ်နေသည်။ တရုတ်စတော့ရှယ်ယာများက ငါးနှစ်တာ အနိမ့်ဆုံးသို့ ကျဆင်းနေပြီး နှစ် ၃၀ ငွေချေးစာချုပ်များမှာလည်း စံချိန်တင် နိမ့်ကျနေသည်။

တန်ဖိုးခိုင်မာသည့် စက်မှုရှယ်ယာ CSI300 အညွှန်းကိန်းသည်လည်း ယခုနှစ်၌ ကမ္ဘာ့အဆိုးဆုံး အညွှန်းကိန်းများ၌ ပါဝင်နေသည်။ ၂၀၂၂ က ၂၂ ရာခိုင်နှုန်းအထိ ကျဆင်းထားပြီးနောက် နှစ်ရာခိုင်နှုန်းဝန်းကျင် ထပ်ကျခြင်းဖြစ်သည်။ ယခုနှစ်တွင် ယွမ်ငွေတန်ဖိုးမှာ အမေရိကန်ဒေါ်လာနှင့် ယှဉ်ပါက ၅ ရာခိုင်နှုန်းကျော် ကျဆင်းသည်။

ချမ်းသာသော တရုတ်များက ပိုင်ဆိုင်မှုအာမခံ အက်ဆက်များကို ခွဲဝေစုဆောင်းနေကြောင်း ပညာရှင်များက ဆိုသည်။ နှစ်နှစ်ဆယ်ကြာ ဖွံ့ဖြိုးမှုနောက် တရုတ်စီးပွားရေးသည် မရေရာသော အနာဂတ်ကို မျက်နှာမူနေရပြီး ထိုသို့အားဖြင့် ကျဆင်းလာတော့သည်ဟု ၎င်းတို့က ပြောသည်။ ထိုအတွက် QDII အောက်မှ နိုင်ငံခြား စတော့ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံထားသော တရုတ်ရန်ပုံငွေ သုံးပုံတပုံကို စတော့အိတ်ချိန်း၌ ကြေညာခဲ့ပြီး “တည်ငြိမ်သော စတော့ အရောင်းအဝယ် ဖြစ်ရေးနှင့် ရင်းနှီးမြုပ်နှံသူများ၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရေး” တို့အတွက် လက်လီရင်းနှီးမြှုပ်နှံသူများကို တားမြစ်ခဲ့သည်။

ChinaAMC ကုမ္ပဏီက ၎င်း၏ Huaxia Global Technology Pioneer Hybrid Securities Investment Fund သို့ ရင်းနှီးမြှုပ်နှံသူများ၏ နေ့စဉ် ထည့်ဝင်ငွေကို ယွမ် ၂,၀၀၀ (အမေရိကန်ဒေါ်လာ ၂၇၇ ဒသမ ၈၄ ဒေါ်လာ) ကန့်သတ်ခဲ့ကြောင်း ရိုက်တာက သတင်းဖော်ပြသည်။ Manulife Fund Management ကုမ္ပဏီသည်လည်း ၎င်း၏ India Opportunity Stock Investment Fund ရှယ်ယာများ အများဆုံး တနေ့တာ ဝယ်ယူနိုင်မှုကို ယွမ် ၃၀၀ သတ်မှတ်ခဲ့သည်။

Blackrock UK အစုစပ်ရန်ပုံငွေထဲ ငွေကြေးထည့်ဝင်သည့် တရုတ်၌ ရောင်းချသော QDII ထုတ်ကုန်တမျိုးကြောင့် ယခုနှစ် ရန်ပုံငွေကောက်ယူမှု၌ ငါးဆ တက်ခဲ့ကြောာင်း၊ ၂၀၂၃ ၌ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ သန်း မတည်ရာမှ ဒေါ်လာ ၁၂ သန်းနီးပါးအထိ ရန်ပုံငွေ ရရှိခြင်း ဖြစ်ကြောင်း China Resources Trust က ပြောသည်။ အဆိုပါ ထုတ်ကုန်အတွက် ငွေကြေးထည့်ဝင်မှုသစ်ကို မတ်လ၌ ရပ်ဆိုင်းထားခဲ့သည်။

Standard Chartered ကလည်း “စီးပွားဖြစ် အကြောင်းပြချက်”အတွက် QDII ထုတ်ကုန်များ၌ ရင်းနှီးမြုပ်နှံမှုသစ်များ ပြုလုပ်ခြင်းမှ ၎င်း၏ ဖောက်သည်များကို မကြာသေးခင်ကပင် ရပ်တန့်ခဲ့သည်။ ထို ကုမ္ပဏီ၏ လုပ်ဆောင်ချက်သည် ယွမ်ငွေအားနည်းခြင်းနှင့် စီးပွားရေး နှေးကွေးခြင်းတို့ကြောင့် ငွေစုသူများက နိုင်ငံခြား ပိုင်ဆိုင်မှုအာမခံ အက်ဆက်များ စုဆောင်းခြင်း ဖြစ်ရသည့် ငွေကြေးစီးထွက်မှုကို ရပ်တန့်အောင် တရုတ်၏ ကြိုးပမ်းမှုကြားမှ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

တရုတ်အတွက် ဖိဖိစီးစီး လုပ်ဆောင်ရမည့် ထိပ်တန်းဦးစားပေးအဖြစ် စီးပွားရေးပညာရှင်အများစု ယူဆသော ခြေလှမ်းဖြစ်သည့် ပြည်တွင်းဝယ်လိုအား တိုးချဲ့ရေးကို မျက်နှာစုံညီ အစည်းအဝေး၌ လီချန်း၏ ဦးစားပေး အနှစ်ချုပ်တွင် အသားပေး မထားပေ။

လက်ရှိတွင် ပြည်နယ်အစိုးရတိုင်းမှာ ရှီ၏ ထုတ်လုပ်မှုအင်အားစုသစ်များဆိုသည့် လုပ်ငန်းစဉ်ကို ဖော်ဆောင်ကြတော့ရန် ရှိနေကြောင်း Straits Times က သတင်းဖော်ပြသည်။ သို့ရာတွင် အဆိုပါ အလုံးစုံ တီထွင်ဆန်းသစ်မှု လုပ်ငန်းစဉ်အား အကောင်အထည် ဖော်ရေး၌ စိန်ခေါ်မှု ရှိနေသည်။ တခုသော စိန်ခေါ်မှုမှာ အစဉ်အလာအားဖြင့် ကြွေးမြီ မဆပ်ကြဘဲ ရန်ပုံငွေကို အလွဲသုံးစား လုပ်တတ်ကြသော ဒေသများ၌ သု‌တေသနှင့် ဖွံ့ဖြိုးရေး လုပ်ဆောင်နိုင်ရေးမှာ ပြည်နယ်အမတော်ကြေး ကြီးထွားလာနိုင်ခြင်း ဖြစ်သည်။

အခြားသော ဘေးအန္တရာယ်ကတော့ အမျိုးသားလုံခြုံရေးအပေါ် ပစ်မှတ်ထားခြင်းနှင့် အစိုးရ၏ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ခြင်းကြောင့် တီထွင်ဆန်းသစ်မှု၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် စည်းရုံးဆွဲဆောင်နိုင်မှုများကို အဟန့်အတား ဖြစ်မည် ဖြစ်သည်။

“လှောင်အိမ်ကို ရှင်း၊ ငှက်ကို ပြောင်းပစ်” ဆိုကာ ယခင်က အမည်တပ်ထားသော ယခု အကူးအပြောင်းကို တရုတ်အနေဖြင့် မည်သို့ စီမံခန့်ခွဲမည်နည်းဆိုသည်က အရေးတကြီး ဖြစ်လာလိမ့်မည် ဖြစ်သည်။