စစ်တွေခရိုင်ထဲက စစ်တွေမြို့မှလွဲပြီး ခရိုင် ၁ ခုလုံးကို AA သိမ်းပိုက်

မဇ္ဈိမ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်ထဲက စစ်တွေမြို့မှလွဲပြီး ခရိုင်တခုလုံးကို ရက္ခိုင့်တပ်တော် (AA) က မတ်လ ၁၇ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီ ဖြစ်သည်။

စစ်တွေခရိုင်ထဲတွင် ပါဝင်သည့် ရသေ့တောင်မြို့ရှိ အခြေစိုက် စစ်ကောင်စီတပ်၏ နောက်ဆုံးလက်ကျန် ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈) တို့ကို နှစ်ပတ်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ရသေ့တောင်မြို့ကို မတ်လ ၁၇ ရက်နေ့၊ ညနေ ၄ နာရီခန့်တွင် သိမ်းပိုက်လိုက်ကြောင်း AA က မတ်လ ၁၈ ရက်နေ့ နံနက်အစောပိုင်းတွင် တရားဝင် ထုတ်ပြန်သည်။

စစ်တွေခရိုင်ထဲတွင် စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့တို့ပါဝင်သည်။ လက်ရှိမှာ စစ်တွေမြို့ကလွဲပြီး ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့တို့ကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ထားသည်။

“ရန်သူ၏ ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ အဆိုပါ တပ်ရင်း သုံးခုစလုံးကို နှစ်ပတ်ခန့် ထိုးစစ်ဆင် တိုက်ခိုက်မှုအပြီးတွင် ယခုကဲ့သို့ သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်” ဟု မတ်လ ၁၈ ရက် AA ၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။

တိုက်ပွဲအတွင်း စစ်တွေမြို့အခြေစိုက် အမှတ် (၁၂) ရဲတပ်ရင်း၊ အမြင့်ကျွန်းရဲစခန်းများမှ ရသေ့တောင်မြို့ထဲသို့ လက်နက်ကြီး၊ အတွဲလိုက်ဒုံးများဖြင့် ဆက်တိုက် ပစ်ကူပေးခဲ့သည်။

ရသေ့တောင်မြို့ကို လက်လွှတ်လိုက်ရပြီးနောက် အင်အား ၂၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်သင်္ဘောများဖြင့် ထွက်ပြေးလွတ်မြောက်သွားသော်လည်း စစ်မှုထမ်းဥပဒေအား ခုတုံးလုပ်ပြီး စစ်ကောင်စီမှ လောလောလတ်လတ် စစ်သင်တန်းပေးထားသော ရိုဟင်ဂျာ (AA ၏ ထုတ်ပြန်ချက်တွင် ဘင်္ဂလီ) အချို့၏ အလောင်းများ၊ စစ်ကောင်စီတပ်ဖွဲ့၏ အလောင်းများ၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း AA က ထုတ်ပြန်သည်။

အလားတူ ဘူးသီးတောင်မြို့အတွင်းရှိ စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူရန်အတွက် ထိုးစစ်အား အရှိန်အဟုန်မြှင့်နေကြောင်းလည်း AA က ပြောသည်။

ရက္ခိုင့်တပ်‌တော် (AA) နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲနှင့် ချင်းပြည်နယ်ရှိ ပလက်ဝဒေသကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

လက်နက်ချအညံ့မခံသော စစ်ကောင်စီတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ရက္ခိုင့်တပ်တော် (AA) က သတိပေးထားသည်။

စာတည်း။ ။ နောင်နောင်