စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူများကို ထိရောက်စွာအရေးယူမည်ဟု မွန်တော်လှန်ရေးတပ်ဖွဲ့ များပြော

ချောင်းဆုံတွင် စစ်မှုထမ်းကိစ္စ ဆွေးနွေးရန် ဖိတ်ကြားစာ

ဂျူချန်း

(မဇ္ဈိမ)။ ။မွန်ပြည်နယ်တွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်သူ များအား ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအင်အားစုများဖြစ် ကြသည့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)NMSP(AD)၊ ရေးဘီလူးတပ်ဖွဲ့၊ ကျိုက်ထိုတော် လှန်ရေးအင်အားစု(KRF)တို့မှ အသီးသီး ထုတ်ပြန်ထားသည်။

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အနေဖြင့် ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး(တောင် ပိုင်း)တွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန် ပါဝင်လုပ်ဆောင်မည့် မည်သူမဆို ပြတ်ပြတ်သားသား အရေးယူသွားမည်ဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်မှု ထမ်းဥပဒေကို ဆန့်ကျင်ရန် တိုက်တွန်းထားသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပြည်သူ့စစ်ဥပဒေကို အကောင်အထည်မဖော်ဖို့ ကျနော်တို့ စာထုတ်ထား ပါတယ်။ အဲဒီအပေါ်မှာ တကယ်လို့သူတို့က အကောင်အထည်ဖော်မယ်ဆို အရေးယူဖို့ပေါ့နော်။ အဓိက တော့ ကျနော်တို့ စစ်ရေးလှုပ်ရှားတဲ့ဒေသမှာ ကျနော်တို့ ဦးစားပေးထုတ်ထားပါတယ်” ဟု NMSP(AD) ပြောခွင့်ရ နိုင်ဗညားမွန်ကပြောသည်။

အလားတူ ရေးဘီလူးတပ်ဖွဲ့ကလည်း မွန်ပြည်နယ်အတွင်း စစ်ကောင်စီ၏တောင်းဆိုချက်အတိုင်း စစ်မှု ထမ်းရန် ပြည်သူများကို စစ်ကောင်စီထံသို့အပ်နှံမည့် အုပ်ချုပ်ရေးမှူးတဦးချင်းစီတိုင်းကို အရေးယူသွား မည်ဟု မတ်လ ၁၇ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ထားသည်။

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရာ၌ ကိုယ်တိုင်ကိုယ်ကျ ဖြစ်စေ၊ အားပေးကူညီ၍ဖြစ်စေ ပူးပေါင်းပါဝင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှုများ အစရှိသည့် အဖွဲ့အစည်းသော်လည်းကောင်း၊ တဦးချင်း သော်လည်းကောင်း စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ကာ ထိရောက်စွာ အပြစ်ပေး အရေးယူသွားမည်ဖြစ် ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုက မတ်လ ၁၇ ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။

ကျိုက်ထိုမြို့နယ်တွင် စစ်မှုထမ်းရန်အတွက် တရွာလျှင် လူငယ် ၁၀ ဦးစီ စုဆောင်းပေးရန် စစ်ကောင်စီက ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများကို ညွှန်ကြားထားကြောင်း KRF မှ ပြောသည်။

ချောင်းဆုံမြို့တွင်လည်း အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသူများအား စစ်မှုထမ်းကိစ္စဆွေးနွေးရန် အတွက် မပျက်မကွက်လာရောက်ရန် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် မတ်လ ၁၆ ရက်နေ့ က အကြောင်းကြားစာပေးပို့ထားကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အတူ မုဒုံမြို့နယ်တွင် ရပ်ကွက်ကျေးရွာတခုလျင် နှစ်ဦး၊ သံဖြူဇရပ်နှင့်ရေးမြို့နယ်တို့တွင် ရပ်ကွက် ကျေးရွာတခုလျင် နှစ်ဦးမှ၊ သုံးဦး ကောက်ယူရန်စီစဉ်နေပြီး ကျိုက်မရောမြို့နယ်တွင် စုစုပေါင်း ၁၀၀ ဦး ရရှိရန် ရပ်ကွက်ကျေးရွာအလိုက် တရွာလျှင် နှစ်ဦးမှ ၁၀ ဦးထိ မတ်လ ၂၀ ရက်နေ့ နောက်ဆုံးထား ပို့ ဆောင်ပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး နောက် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသား၊ ပညာရှင်ဖြစ်ပါက အသက် ၄၅ နှစ်အတွင်း စစ်မှု ထမ်းရန် အကျုံးဝင်ကြောင်း၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၂၇ နှစ်၊ ပညာရှင်ဖြစ်ပါက အသက် ၃၅ နှစ်အတွင်း စစ်မှုထမ်းရန် သတ်မှတ်ထားသည်။

လတ်တလောတွင် စစ်မှုထမ်းရန် အမျိုးသမီးများကိုခေါ်ယူရန် အစီအစဉ်မရှိသေးကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ပြောဆိုထားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို လာမည့်သင်္ကြန်ရုံးပိတ်ရက်အပြီးတွင် အကောင်အထည်ဖော်ရန် စီစဉ်ထားပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် အပတ်စဉ်တခုတွင် လူဦးရေ ၅,၀၀၀ နှင့် တနှစ်တွင် လူ ၆၀,၀၀၀ ခေါ်မည် ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

လက်ရှိတွင် မြန်မာတနိုင်ငံလုံးရှိ မြို့နယ်တော်တော်များများ၌ စစ်မှုထမ်းရန် စာရင်းကောက်ယူခြင်းနှင့် ဆင့်ခေါ်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ပြီး မြို့နယ်အချို့တွင် မဲစနစ်ဖြင့် စစ်မှုထမ်းမည့်သူ များကို စုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။စောဖေ