လေးကေ့ကော်ရှိ ကာကင်းစခန်း ၁ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

သိမ်းပိုက်ခံရပြီးနောက်တွေ့ရသော ရေကန်ကုန်း စခန်း မြင်ကွင်း (Photos- Federal Wings)

မဇ္ဈိမ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော် မြို့သစ်ရှိ စွယ်တော်ဗျူဟာကုန်းအောက်က ရေကန်ကုန်း ကာကင်းစခန်းကို မတ်လ ၃၁ ရက်နေ့တွင် KNU ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

တိုက်ပွဲတွင် ဒရုန်းဖြင့် ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့သည့် Federal wings ဒရုန်းတပ်ဖွဲ့က ရေကန်ကုန်းအား တိုက်ခိုက်သိမ်းပိုက်ထားသည့် စခန်းသိမ်း ဓာတ်ပုံများကို ယနေ့ (ဧပြီလ ၁ ရက်) နေ့တွင် ထုတ်ပြန်ထားသည်။

ရှေ့တန်းသတင်းရင်းမြစ်တခုက ရေကန်ကုန်း ကာကင်းစခန်းတွင် စကစ တပ်ဖွဲ့ဝင်အင်အား ၂၀ ထက်မနည်း တပ်စွဲထားပြီး တိုက်ပွဲဖြစ်ပွားနေချိန်တွင် အများစု စခန်းစွန့်ခွာ ထွက်ပြေးသွားကြကြောင်း ပြောသည်။

စခန်းကုန်းအား စွန့်ခွာသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စွယ်တော်ဗျူဟာကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သွားရောက်ပူးပေါင်းခြင်း ဟုတ်၊ မဟုတ်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

လက်ရှိမှာ စစ်ကောင်စီတပ်က နေ့စဉ်လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ် အခိုင်အမာ အထိုင်ချထားသော စွယ်တော်ဗျူဟာကုန်းသည် မယ်ထော်သလေး၊ ထီးမယ်ဝါးခီး၊ မင်းလက်ပံ အပါအဝင် လေးကေ့ကော်နှင့် အနီးတဝိုက် နယ်မြေများကို စစ်ဆင်ရေးတာဝန်ယူသည့် ဗျူဟာကုန်းတခုဖြစ်ကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းရုံး၊ KNU တပ်မဟာ (၆) နယ်မြေဖြစ်သော မြဝတီမြို့နယ်နှင့် ကော့ကရိတ်မြို့တို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် KNU၊ PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

စာတည်း။ ။ နောင်နောင်