မုံရွာမြို့နယ် ခိုသန်းရွာကို ၅ရက်အတွင်း ၂ ကြိမ် စစ်ကောင်စီမီးရှို့

ခိုးသန်းရွာမီးလောင်နေစဥ်(Photo: CJ)

ပါခွီး

(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊ခိုသန်းကျေးရွာကို စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း ဒုတိယအကြိမ် ထပ်မံမီးရှို့နေကြောင်း ဒေသခံများထံမှသိရသည်။

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မှစစ်ကောင်စီတပ်သား ၃၀ခန့်နှင့် ပျူစောထီး၂၀ခန့်ပါဝင်သော စစ်ကြောင်းသည်‌ ယနေ့ မတ်လ၅ နေ့လယ်ပိုင်းတွင် ခိုသန်းရွာကိုဝင်ရောက်မီးရှို့နေခြင်းဟု သိရသည်။

“အခုထပ်ရှို့နေတာပါဗျ။ဒါကဒုတိယအကြိမ်ပါ။ လူတွေကတော့ ရှောင်နေရတာ” ဟု ဒေသခံတဦး မဇ္စျိမ ကိုပြောသည်။

ပြီးခဲ့သည့် မတ်လ ၁ရက်နေ့ နံနက် ၄နာရီဝန်းကျင်က နမခ မှထွက်လာသည့် စစ်ကြောင်းသည် ခိုသန်းကျေးရွာကို မီးရှို့ခဲ့ရာ နေအိမ် ၈၈ လုံးပျက်စီးဆုံးရှုံးခဲ့ပြီး ယခု ဒုတိယအကြိမ် မီးရှို့ခြင်းဟုသိရသည်။

စစ်ကောင်စီတပ်သည် မုံရွာနမခနှင့် ငါးမိုင်ခန့်အတွင်းရှိ ကျေးရွာများကို နယ်မြေရှင်းလင်း ရေးလုပ်မည်ဟုသတင်းများထွက်ပေါ်နေကာ လူနေကျေးရွာများကို မီးရှို့ဖျက်ဆီးနေခြင်းဟုမုံရွာမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

ခိုသန်းရွာသည် အိမ်ခြေ ၃၅၀ကျော်ခန့်ရှိပြီး လက်ရှိတွင် ဒေသခံများထွက်ပြေးတိမ်းရှောင် နေကြရသောကြောင့် ရွာအတွင်းပျက်စီးဆုံးရှုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၉ရက်နေ့ကလည်း မုံရွာမြို့နယ် တဲကြီးကုန်းရွာ ၊ဆုံကုန်းရွာနှင့်ပေကုန်းရွာတို့ကို မီးရှို့ခဲ့ရာ နေအိမ်၅၀ခန့် မီးလောင်ကျွမ်းခဲ့ပြီး ကျန်းမာရေးမကောင်းသည့် အဘွားအိုတဦးကို မီးလောင်သေဆုံးခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးချိန်မှ စတင်ပြီး ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့ထိ လူနေအိမ် ၇၈,၇၃၇ လုံးကို စစ်ကောင်စီကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းတို့အနက် စစ်ကိုင်းတိုင်း၌ အများဆုံးပျက်စီးဆုံးရှုံးခဲ့ကြောင်း နိုင်ငံတဝန်း နေအိမ်မီးရှို့ဖျက်ဆီးခံရသည့်စာရင်းများထုတ်ပြန်ပေးနေသော Data for Myanmarက ဇန်နဝါရီလ ၂၀ရက်နေ့တွင်ထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း