စစ်ကိုင်းတိုင်းတွင် စစ်မှုမထမ်းလိုသူများ စစ်ကိုင်းဖက်ဒရယ်ကောင်စီက ကူညီမည်ဟုဆို

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်က ပျူစောထီးဆိုသူများအား သင်တန်းပေးနေပုံ။(ဓါတ်ပုံ – CJ)

ပါခွီး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်းအတွင်းရှိ စစ်မှုမထမ်းလိုသူများကို အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းဖက်ဒရယ်ကောင်စီ (ရှေ့ပြေး)က မတ်လ ၁၅ရက်နေ့တွင် ထုတ်ပြန်သည်။

“အခုကိစ္စက ထုတ်ပြန်ကြေညာချက် ထုတ်ယုံနဲ့ လုံလောက်တဲ့ ကိစ္စမဟုတ်တော့ အရေးတယူ ဆောင်ရွက်ရမယ့်အပိုင်း ဖြစ်လာတဲ့အတွက် အခုလိုလုပ်ဆောင်ရတာပါ။ အဓမ္မစစ်မှုထမ်း ဥပဒေကို ရှောင်တိမ်းချင်တဲ့ လူငယ်လူလတ်တွေ ပေါ်ပေါက်လာရင် ချိတ်ဆက်ပြီး ကူညီပေးသွားမှာဖြစ်ပါတယ်” ဟု စစ်ကိုင်းဖက်ဒရယ်ကောင်စီ တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းရန် စေခိုင်းမည့် ဥပဒေအပေါ် ဖီဆန်တော်လှန်မည့် ပြည်သူလူထုအတွက် ချိတ်ဆက်ကူညီပေးရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်းလည်း သိရသည်။

အကူအညီတောင်းခံလိုသူများသည် စစ်ကိုင်းတိုင်းဒေသခံ (၅/ နိုင်ငံသားစီစစ်ရေးကတ်ကိုင်ဆောင်သူ)ဖြစ်ပြီး အဓမ္မစစ်မှုထမ်းရန် သတ်မှတ်ထားသည့် အသက်အရွယ်ဖြစ်ရမည်ဟု ဆိုသည်။

စစ်ကောင်စီကို တနည်းနည်းဖြင့် အားပေးထောက်ခံခဲ့သူ၊ စစ်တပ်ထုတ်ကုန် ဖြန့်ဖြူးရောင်းချသူ ၊ Non CDM ) မဖြစ်စေရဟု သတ်မှတ်ထားပြီး လုပ်ငန်းအဖွဲ့မှ ချိတ်ဆက်ပေးသည့် နေရာသို့ သွားရောက် နေထိုင်ရမည်ဖြစ်ကြောင်း ဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)က အသိပေးထားသည်။

၎င်းအပြင် လုပ်ငန်းတာဝန်အဖွဲ့မှ စီစဥ်ပေးသည့် တော်လှန်ရေး(သို့) ပြည်သူ့အကျိုး ပြုလုပ်ငန်းများတွင် တတ်စွမ်းသ၍ တနှစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် လက်နက်ကိုင်တော်လှန်ရေးတွင် မပါဝင် လိုသူများအနေဖြင့် ရုံးလုပ်ငန်း ၊ ပညာသင်ကြားခြင်း စသော ၎င်းတို့နှင့် သင့်တော်သော လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရန် လိုအပ်ကြောင်း ဆိုသည်။

လက်ရှိတွင် ချိတ်ဆက်အကူအညီပေးရေးအဖွဲ့သို့ စတင်ဆက်သွယ်လာသူများ ရှိနေပြီး ၎င်းတို့ကို စီစစ်မှုများပြုလုပ်၍ သင့်တော်သည့် နေရာများတွင် နေရာချထား ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သင်္ကြန်ပြီးချိန်တွင် အားလုံးအတွက် အခက်အခဲတခုဖြစ်လာနိုင်သောကြောင့် ၎င်းတို့ ကောင်စီတခုတွင်သာမက တော်လှန်အဖွဲ့အစည်းအားလုံး ပူးပေါင်းဆောင်ရွက်ကြရန်လည်း ဖိတ်ခေါ်ထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ