မဟာမိတ်အဖြစ်ဖွဲ့စည်းကြောင်း အပစ်ရပ် ၇ ဖွဲ့ကြေညာ

ရွှေနွယ်

မဇ္ဈိိမ။ ။အဓိပ္ပါယ်ပြည့်ဝသောနိုင်ငံရေးအပြောင်း အလဲများတိုးတက်ဖြစ်ပေါ်လာစေရန်အပါအဝင် နိုင်ငံရေးရည်မှန်းချက်များ အကောင်အထည်ဖော်ရန်ဟုဆိုကာ အပစ်ရပ်လက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့က မဟာမိတ်အဖြစ်ဖွဲ့စည်းလိုက်ကြောင်း ယနေ့ မတ်လ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ထိုးထားသည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA (PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခုနစ်ဖွဲ့၏မဟာမိတ်အဖွဲ့ -7 Ethanic Armed Organization Alliance – 7EAO Allianceကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ အဖွဲ့ခေါင်းဆောင်အဖြစ် RCSS ဗိုလ်ချုပ်ကြီးယွက်စစ်၊ ဒုတိယခေါင်းဆောင်အဖြစ် MNSPဒုတိယ ဥက္ကဋ္ဌနိုင်အောင်မင်းတို့က တာဝန်ယူထားသည်။

အဖွဲ့၏ရည်မှန်းချက်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရန်ဖြစ်ပြီး အသွင်ကူး ပြောင်းရေးလုပ်ငန်းစဉ်မှတဆင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတည်ဆောက်မည်ဟု ဆိုသည်။
နိုင်ငံရေးအပြောင်းအလဲများတိုးတက်ဖြစ်ပေါ်လာစေရန်အလို့ငှာ သက်ဆိုင်သူများအားလုံးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ စဉ်ဆက်မပြတ်ကျင်းပသွားမည်ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

ထို့ပြင် လက်ရှိပဋိပက္ခများဖြေရှင်းရာတွင် ငြိမ်းချမ်းစွာအဖြေရှာလိုသော အင်အားစုများ၏ သဘောထားများအား ဖော်ထုတ်နိုင်ရေးအတွက် အခင်းအကျင်းနှင့် နည်းလမ်းများဖော်ဆောင်သွားရန်လည်း လုပ်ဆောင်သွားမည်ဟု ပြောကြားထားသည်။

ထိုခုနစ်ဖွဲ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မတ်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ သုံးရက် တွေ့ဆုံဆွေးနွေးသွားရန်စီစဥ်ခဲ့သော်လည်း ယနေ့တွင် ဆွေးနွေးပွဲဦးတည်ချက်ဖြစ်သည့် စုဖွဲ့မှုအသစ်ကို ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်သောကြောင့် နှစ်ရက်ဖြင့် ဆွေးနွေးပွဲပြီးမြောက်ခဲ့ပြီဟု 7EAO Alliance ပြောခွင့်ရသူ စောကျော်ညွန့်က မဇ္ဈိမကိုပြောသည်။

ယမန်နေ့ မတ်လ ၁၇ ရက်နေ့ ဆွေးနွေးပွဲတွင် ၎င်းတို့အပစ်ရပ်ခုနစ်ဖွဲ့၏ ထိန်းချုပ်နယ်မြေအသီးသီးတွင် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အုပ်ချုပ်ရေးစနစ်ကိုစတင်အကောင်အထည်ဖော်သွားမည်ဟု ဆိုထားသည်။

“PPST ရဲ့စုဖွဲ့မှုနဲ့ဆိုရင် တချို့အဖွဲ့တွေက အဆင်မပြေဘူး။ အခက်အခဲရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းကို အဲ့ဒီလမ်းစဉ်မှာသွားလက်စခုနစ်ဖွဲ့အနေနဲ့ သူ့လမ်းကိုယ့်လမ်း တကွဲတပြားစီမဟုတ်ဘဲ တညီတညွတ်တည်းစုဖွဲ့မှုမျိုးဖြစ်လာနိုင်အောင် 7EAO Alliance ဆိုတဲ့ စုဖွဲ့မှုနဲ့ အနာဂတ်မှာဆက်လက်ကြိုးပမ်းဆောင်ရွက်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်” ဟု စောကျော်ညွန့်ကပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)တွင် ယခု အပစ်ရပ်ခုနစ်ဖွဲ့အပြင် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့ ပါဝင်သည်။ သို့သော် KNU၊CNFနှင့် ABSDFက ၂၀၂၁ ခုနှစ်တွင် စစ်တပ်ကနိုင်ငံတော်ကအာဏာကိုသိမ်းယူပြီးနောက် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည်။

ထို့အပြင် အပစ်ရပ်ခုနစ်ဖွဲ့တွင်ပါဝင်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၏ တပ်မတော် PNLA သည် လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေပြီး ဆီဆိုင်မြို့ကို ဇန်နဝါရီ ၂၈ ရက်နေ့က စစ်ကောင်စီထံမှသိမ်းယူထားသည်။

ထို့ပြင် မွန်ပြည်သစ်ပါတီသည်လည်း ပါတီ အထွေထွေအတွင်းရေးမှူးနိုင်ဇေယျနှင့်ဒုတိယစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်စစ်လွန်းထောအပါအဝင်တပ်ဖွဲ့ဝင်အချို့က စစ်ကောင်စီနှင့်နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန်မဖြစ်နိုင်တော့ဟုဆိုကာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)ကိုဖွဲ့စည်း၍ စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဟုကြေညာထားသည်။

စာတည်း – အေးချမ်း