မဏ္ဍပ်ဆောက်လုပ်ရန် အခွန်ကင်းလွတ်ခွင့်ပေး၍ မန္တလေးသင်္ကြန်စီကာရန် စစ်ကောင်စီစည်းရုံးဟုဆို

ပုံအညွှန်း- ပြည်သူ့အစိုးရလက်ထက် မန္တလေးသင်္ကြန်။(Photo-CJ)

007
မဇ္ဈိမ ။ ။မန္တလေးတွင် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရန် အခွန်ကင်းလွတ်ခွင့် ပေးခြင်းမှာ မန္တလေးသင်္ကြန် စည်ကားရန် စစ်ကောင်စီက စည်းရုံးနေခြင်းဖြစ်သည်ဟု ဒေသခံကပြောသည်။

“အရင်ကတော့ မဏ္ဍပ်နေရာရဖို့အတွက်၊ ငွေနဲ့လိုက်ရတယ်။ မဏ္ဍပ်ဆောက်ခွင့်အတွက် တရားဝင် ၁၅ သိန်း (အခွန်)နဲ့အထက် ရှိတယ်။အပြင်ပေါက်ဈေးဆိုရင် သိန်းရာနဲ့ချီတယ။စစ်တပ်ခေတ်သင်္ကြန်မှာ ဘယ်သူကမှ မဏ္ဍပ်ဆောက်ပြီး ရေကစားလိုစိတ် မရှိတော့ဘူး။ ဒီတော့ အခွန်ကင်းလွတ်ခွင့်တွေဘာတွေဖြစ်ကုန်တာပေါ့။ ပြည်သူပါဝင်လာအောင် စည်းရုံးတဲ့သဘော” ဟု အမည်မဖော်လိုသည့် မန္တလေးမြို့ခံတဦးက ပြောသည်။

အခြေအနေတည်ငြိမ်အောင် ထိန်းနိုင်ပြီဖြစ်ကြောင်းပြသချင်နေသည့် စစ်ကောင်စီသည် သင်္ကြန်ပွဲတော်စည်ကားစေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့်ကြိုးစားခဲ့သော်လည်း ယမန်နှစ်မန္တလေးသင်္ကြန်တွင် ၎င်းတို့အား ထောက်ခံသူများနှင့်သာ အထိုက်အလျောက် စည်ကားစွာ ကျင်းပနိုင်ခဲ့သည်ဟုဆိုသည်။

မန္တလေးသင်္ကြန်ပွဲတော်တွင် မဏ္ဍပ်ဆောက်လုပ်ရန်အတွက် အခွန်အခပေးသွင်းရန်မလိုဟု စစ်ကောင်စီလက်အောက်ခံ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ယနေ့
မတ်လ ၁၈နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

“မဏ္ဍပ်ဆောက်လုပ်ဖို့အတွက် အခွန်ကင်းလွတ်ခွင့်ပြုထားတယ်။ မြို့တွင်းတလျှောက်နဲ့ ကန်တော်ကြီးဘက်တို့ ကမ်းနားလမ်းပေါ်တို့အားလုံး အကျုံးဝင်တယ်” ဟု ကော်မတီနှင့် နီးစပ်သူတဦးက ပြောသည်။

ရေကစားမဏ္ဍပ်အပါအဝင် ဖျော်ဖြေရေးနှင့်စတုဒီသာမဏ္ဍပ်များအားလုံး မဏ္ဍပ်ဆောက်လုပ်မှုအတွက် မည်သည့်အခွန်အခမှ ပေးသွင်းရန်မလိုဘဲ ဦးရာလူစနစ်ဖြင့် လာမည့် ဧပြီလ ၁၀ ရက်နေ့နောက်ဆုံးထား၍ ကော်မတီထံ လျှောက်ထားနိုင်ကြောင်း သိရသည်။

ခေတ်အဆက်ဆက် မန္တလေးသင်္ကြန်ပွဲတော်တွင် ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့်ရရန်အတွက် မန္တလေးမြို့ တော်စည်ပင်သာယာရေး ကော်မတီထံ တလခန့်ကြိုတင်လျှောက်ထားရပြီး စတင်ဆောက်လုပ်ရမည့်ရက် မတိုင်မီ တပတ်အလိုတွင် မဏ္ဍပ်ဆောက်လုပ်ခွင့် ရမည့်နေရာအား မဲစနစ်ဖြင့်ရွေးချယ်ရသည်။

စစ်ကောင်စီသည် အာဏာသိမ်းသည့်နှစ်က ပြည်သူလူထုအား သင်္ကြန်ပွဲတော်ဖြင့် စည်းရုံးရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သဖြင့် နောက်နှစ်များတွင် အခွန်ကင်းလွတ်ခွင့်ဖြင့် မဏ္ဍပ်ဆောက်လုပ်စေခြင်း အပါအဝင် နည်းလမ်းပေါင်းစုံဖြင့်စည်းရုံးနေခြင်းဖြစ်ကြောင်း ဝေဖန်သုံးသပ်သူများလည်း ရှိနေသည်။

အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှစ၍ မန္တလေးသင်္ကြန်ပွဲတော်သည် သုံးနှစ်ဆက်တိုက် ရေပက်ကစားသူ မရှိသလောက် အခြေအနေဖြင့် ကျင်းပခဲ့ရသည်။

ယမန်နှစ် ၂၀၂၃ ခုနှစ်တွင်မူ ကျုံးတောင်ဘက်ခြမ်းရှိ ၂၆ လမ်း၊ ၆၆ လမ်းမှ ၇၈ လမ်းအထိနှင့် ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေးတို့တွင် လမ်းလျှောက်သင်္ကြန်ဟူ၍ စီစဉ်ကျင်းပခဲ့ရာ ယင်းနေရာများတွင် ရေကစားကြသူများရှိခဲ့သည်။

စာတည်း ။ ။ ဖူးသိမ်ကျ