ရေမျက်နီရွာ မီးလောင်ပြင်တွင် ပိတ်မိနေသည့် အဖိုးအဖွား၂ဦးကို YRA ကယ်ထုတ်

ကိုခင်မောင်

(မဇ္စျိမ)။ ။မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီရွာ မီးလောင်မှုတွင် ပိတ်မိနေသည့် အဖိုးအဖွားနှစ်ဦးကို ကယ်ထုတ်ခဲ့ကြောင်း Yaw Revolution Army -ထီးလင်းအဖွဲ့က ယနေ့ ဧပြီလ ၆ရက်တွင် သတင်းထုတ်ပြန်သည်။

ဧပြီလ ၃ရက် နေ့လယ် ၁၂နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းက ရေမျက်နီကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဧပြီလ ၄ ရက် ညနေ ၅ နာရီအချိန်ခန့်တွင် မီးလောင်ပြင်အား နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် လမ်းမလျှောက်နိုင်ဘဲ ပိတ်မိနေသော အဖိုးအဖွားနှစ်ဦးကိုတွေ့ရှိ၍ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း YRA- ထီးလင်းတပ်ဖွဲ့ထံက သိရသည်။

“သူတို့(အဖိုးအဖွားနှစ်ဦး)က သားအမိတော်တာဗျ။ သားဖြစ်တဲ့သူက အသက်၆၀လောက်ရှိတယ်။ မိခင်ဖြစ်တဲ့သူက ၈၄ နှစ်လို့ ကျွန်တော်တို့သိရတယ်။ သူတို့က လမ်းသွားဖို့ ကျန်းမာရေးအခက်အခဲရှိတယ်။ မီးလောင်နေတဲ့အချိန်မှာ အိမ်ထဲကနေထွက်ပြီး အုတ်ကန်ဘေးနားမှာပဲ ထိုင်ပြီးတော့ ဒီတိုင်းနေနေတာဗျ။ ကံကောင်းတာတခုက မီးကသူတို့ဆီမရောက်ဘူး။ ကျွန်တော်တို့ နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါမှာ တွေ့လို့ ကယ်တင်လာခဲ့တာပါ” ဟု Revolution Army -ထီးလင်းအဖွဲ့ခေါင်းဆောင် သခင်ဇော်က မဇ္စျိမသို့ပြောသည်။

အိမ်ခြေ ၄၀၀ဝန်းကျင်ရှိသော ရေမျက်နီကျေးရွာအား ကျောမြို့ ကပစ( ၂၃)မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ၂၀၀ ကျော်မီးလောင်ပြာကျသွားကြောင်း သခင်ဇော်ထံမှ သိရသည်။

“ရေမျက်နီစခန်းမှာ သူတို့(စစ်ကောင်စီတပ်ဖွဲ့)ရှိသေးတယ်။ အင်အား၇၀လောက်ကလည်း စခန်းထဲမှာရော စခန်းဘေးနားက ကုန်းတွေမှာရော တပ်ဖြန့်ထားတယ်“ ဟု Revolution Army -ထီးလင်းအဖွဲ့ခေါင်းဆောင် သခင်ဇော်က ဆက်ပြောသည်။

မတ်လ ၃၀ ရက်နေ့တွင် ရေမျက်နီရဲစခန်းအား ၄၀ မမ ဗုံးသီးငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့နောက် ၎င်းတို့နှစ်ဦးအား လာရောက်ခေါ်ဆောင်ရန် ကျောမြို့ ကပစ (၂၃)မှ ထွက်လာသည့် အင်အား၇၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ဧပြီလ ၃ ရက်နေ့တွင် ရေမျက်နီရွာသို့ ရောက်ရှိလာကာ ရွာအားမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းနေ့တွင်ပင် အဆိုပါစစ်ကောင်စီတပ်ဖွဲ့အား ကာကွယ်ရေးတပ်ဖွဲ့များက ၄၀ မမ ဗုံးသီး သုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာများ ရရှိသွားကာ ဧပြီလ ၄ ရက်နေ့တွင် ဒဏ်ရာရရှိသူ စုစုပေါင်းလေးဦးထဲမှ နှစ်ဦးထပ်မံသေဆုံးသွားသည်ဟု သခင်ဇော်က မဇ္စျိသို့ပြောသည်။

ဂန့်ဂေါ-မန္တလေးကားလမ်းမကြီးပေါ်ရှိ အိမ်ခြေ ၄၀၀ ခန့်ရှိသော ရေမျက်နီကျေးရွာသည် ကျောမြို့ ကပစ (၂၃)မှ ရှစ်မိုင်ခန့်ကွာဝေးပြီး ထီးလင်းမြို့မှ ၂၈ မိုင်ခန့် အကွာတွင်တည်ရှိသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ရေမျက်နီရဲစခန်းသို့ ရိက္ခာရနိုင်သော လမ်းကြောင်းများအား ပိတ်ဆို့ဖြတ်တောက်ထားလျက်ရှိရာ ကျောမြို့ ကပစ(၂၃) မှ စားနပ်ရိက္ခာများကို ရေမျက်နီရဲစခန်းသို့ မြေပြင်စစ်ကြောင်းမှ ပေးပို့လျက်ရှိကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

ရုပ်သံအညွှန်း။ ။ Yaw Revolution Army (ထီးလင်း)ရဲဘော်များမှ ရေမျက်နီရွာ မီးလောင်ပြင်တွင် ပိတ်မိနေသော အဘိုးအဘွားနှစ်ဦးကို ကယ်ထုတ်နေစဥ်
ရုပ်သံ ။ ။ YRA – Htilin