တနိုင်းမြို့နယ်ရှိ ခလရ (၂၉၇) တပ်ရင်းကို KIA သိမ်းပိုက်၊ ထွက်ပြေးသွားသော စကစ တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဆက်ဖြစ်

KIA စစ်သားတဦးကို တွေ့ရစဉ်

အဂမ်

(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နမ်ဂေါန် (Nam Ga wn)ကျေးရွာဟောင်း (ဒေသအခေါ် နမ်ဂေါင် ရွှေမှော်) မှာ အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီတပ်၏ ခလရ (၂၉၇) တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ တပ်မဟာ (၂) တပ်ရင်းတပ်ဖွဲ့များက ယမန်နေ့ည (မတ်လ ၁၈)ရက် ည ၈ နာရီကျော်မှာ သိမ်းပိုက်ပြီးနောက် မီးရှို့လိုက်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ထံမှ သိရသည်။

ဟူးကောင်းခရိုင် KIA တပ်မဟာ (၂) အောက်ရှိ တပ်ရင်း (၁၄) ၏ စစ်ဆင်ရေးနယ်မြေအတွင်း အထိုင်ချတပ်စွဲထားသော ခလရ (၂၉၇) တပ်စခန်းကို သိမ်းပိုက်ပြီးနောက်လည်း တိုက်ပွဲက ယနေ့အထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

“သူတို့က ကျနော်တို့ရဲ့ ထိုးစစ်ဆင်မှုမှာ တပ်ဆုတ်သွားတာဟုတ်တယ်။ တပ်ကိုတော့ သိမ်ပြီးပြီ။ ခုသိမ်းပြီးလို့ မီးရှို့ဖျက်ဆီးပေးထားလိုက်ကြပြီ ဟုတ်တယ်။ ဒါပေမယ့် တပ်ဆုတ်သွားတဲ့ သူတို့(စစ်တပ်တပ်ဖွဲ့ဝင်တွေ) ကို လိုက်ဖမ်းနေတာကြောင့် တိုက်ပွဲက ဆက်ဖြစ်နေသေးတယ် “ဟု KIA သတင်းရင်းမြစ်က ပြောသည်။

လက်ရှိ အဆိုပါစစ်တပ်စခန်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA တပ်ဖွဲ့ဝင်များက ရှေ့ဆက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေ‌သောကြောင့် နှစ်ဖက်တပ်အကြားမှာ ပစ်ခတ်မှု ရှိနေဆဲဖြစ်သကဲ့သို့ စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်ပွားရာ နေရာအနီးတဝိုက်ကို လေယာဉ်နှစ်စင်းဖြင့် လာရောက်ပစ်ကူခဲ့ကြောင်းလည်း သိရသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(တနိုင်း)၏ အထိုင်ချ လက်ရုန်းတပ်ရင်း တခုဖြစ်သော သိမ်းပိုက်ခံ ခလရ (၂၉၇) တပ်ရင်းသည် စစ်သည်အင်အား အမြောက်အမြားဖြင့် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းတခုလည်း ဖြစ်သည်။

တပ်ရင်းများ စုပေါင်းနေထိုင်သည့် တပ်စခန်းလည်းဖြစ်သောကြောင့် တပ်ဖွဲ့ဝင် အင်အား ၁၀၀ ဝန်းကျင်ထက်မနည်း ရှိနိုင်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်များက ခန့်မှန်းသည်။

တပ်စခန်း တည်ရှိရာ နမ်ဂေါန်(Nam Gawn) ကျေးရွာသည် ပြီးခဲ့သော ၂၀ ၁၇ ခုနှစ်ကတည်းနေ KIA နှင့် စစ်တပ်တို့၏ နှ စ်ဖက်တပ်တိုက်ပွဲကြောင့် ဒေသခံပြည်သူများ စွန့်ခွာခဲ့ရသော ကချင်ရွာမ ရွာဟောင်းကြီးတခုဖြစ်သည်။

လက်ရှိအချိန်တွင် ရွှေကုန်သည်များ၏ ရွှေမှော်အဖြစ်ပြောင်းလဲကာ ရွှေတူးဖော်နေကြသည့် နေရာတခုဖြစ်ပြီး ခလရ (၂၉၇) တပ်သည် တနိုင်း (ဒကစ) အတွက် တပ်ရန်ပုံငွေ ရှာဖွေပေးနေသည့် တပ်ရင်းလည်း ဖြစ်သည်။

စာတည်း။ ။ နောင်နောင်