ယင်းမာပင် ပုသိမ်-မုံရွာလမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ဒုရဲအုပ်အပါအဝင် ၃ ဦး သေဆုံး

ပုံ- အသုံးပြုတိုက်ခိုက်ခဲ့သည့်မိုင်း၊ ဓာတ်ပုံ-RFF

လွှမ်းမိုး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အောင်မိုးကျေးရွာအနီး ပုသိမ်-မုံရွာလမ်းမကြီးဘေးတွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးခဲ့ ကြောင်း Regional Friend Fighters (RFF) တပ်ဖွဲ့ထံမှ သိရသည်။

မတ်လ ၁၉ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသုံးဦးထဲတွင် ဒုရဲအုပ်တဦး ပါဝင်ကြောင်း ဆိုသည်။

“မိုင်းကွင်းတည့်တည့်ဝင်လာတဲ့ ရဲငါးယောက်ကို ရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ လေးယောက်က နေရာတင်မှောက်သွားတယ်။ ကျန်ရဲတယောက်က သွေးရူးသွေးတန်းနဲ့ ပတ်ပတ်လည်ကို ရမ်းပစ်တယ်။ တခြားပွိုင့်က ရဲတပ်တွေပါ အကုန်ရမ်းပစ်ကြတယ်” ဟု RFF မှတာဝန်ခံ ဗိုလ်စင်္ကြာက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ဒုရဲအုပ်တဦးနေရာတွင်သေဆုံးခဲ့ပြီး သုံးဦးကို အရပ်သားပိုင် ကားတစီးအား အကြမ်းဖက်ချောဆွဲကာ န.မ.ခ စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း လမ်းတွင် နှစ်ဦးထပ်မံသေဆုံးခဲ့ ကြောင်း RFF ထံမှ သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခဲ့သည်နေရာသည် အမှတ်(၂၈)ရဲတပ်ရင်းနှင့် အောင်ဇေယျတပ်ကုန်းကြားတွင်ဖြစ်ပြီး လုံခြုံရေးတင်းကြပ်ကာ အဝင်အထွက်ခက်ခဲသည့်နေရာဖြစ်ကြောင်း မဇ္စျိမ၏မြေပြင်သတင်းရင်းမြစ်က ဆိုသည်။

“မိုင်းဆွဲတဲ့နေရာမှာ ကျနော်တို့ သေနတ်တလက်လောက်သာပါခဲ့ရင် ရန်သူ့လက်နက်တွေ အကုန်သိမ်း နိုင်ခဲ့မှာဖြစ်ပါတယ်။ မိုင်းရှိတဲ့အချိန် မိုင်းဆွဲတယ်၊ မိုင်းဖိုးမရှိတဲ့အချိန် မြေပြင်မှာ တကယ်လုပ်နေတဲ့ အဖွဲ့ တွေကို ရိက္ခာထောက်ပို့ပေးတယ်” ဟု RFF အဖွဲ့တာဝန်ခံ ဗိုလ်စင်္ကြာကပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များက ပုသိမ်-မုံရွာ လမ်းဘေး အောင်မိုးတောပြင်ရှိ နေအိမ်ငါးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ