ခမရ (၃၅၆) ကို KNLA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

ပုံအညွှန်း- ခမရ (၃၅၆) တပ်ရင်းသိမ်း တိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သည့် လက်နက်၊ ခဲယမ်းများ

ပုံအညွှန်း- ခမရ (၃၅၆) တပ်ရင်းသိမ်း တိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သည့် လက်နက်၊ ခဲယမ်းများ

YT

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သင်္ဃန်းညီနောင်မြို့သစ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၅၆) ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်သည်။

ခမရ (၃၅၆) ကို မတ်လ ၁၅ ရက်နေ့၊ ညနေ ၃ နာရီတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ည ၇ နာရီအချိန်တွင် စခန်းတခုလုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU က ဖော်ပြသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်တဦး ကျဆုံး၍ ငါးဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံး ၍ ထိခိုက်ဒဏ်ရာရသူများပြားခဲ့ကြောင်း၊ အရေအတွက် အသေးစိတ်ကို အတည်ပြုနေဆဲဖြစ်ကြောင်း၊ ခမရ(၃၅၆)ထံမှ လက်နက်ကြီးလက်နက်ငယ် ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့​ကြောင်း သိရသည်။

သင်္ဃန်းညီနောင်တွင် ယမန်နေ့ မတ်လ ၁၉ ရက်နေ့အထိ ခမရ (၃၅၇) တပ်ရင်းနှင့် သင်္ဃန်းညီနောင်ဗျူဟာ အနီးတွင် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်သားများအကြား တိုက်ပွဲဖြစ်ပွားခြင်းရှိပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲမှုများ ပြုလုပ်ခဲ့ပြီး ခြေလျင်တပ်ရင်း ခလရ (၂၇၅) မှလည်း လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း မြေပြင်ရဲဘော်ထံက သိရသည်။

” တိုက်ပွဲဖြစ်နေတုန်းပါဗျ။ (ခမရ ၃၅၇ ကို)တိုက်ဆဲပါပဲ” ဟု မြေပြင်ရဲဘော်က ယမန်နေ့ မတ်လ ၁၉ ရက်နေ့၊ ညနေပိုင်းက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို စခန်းသိမ်းတိုက်ပွဲများအဖြစ် ဆက်လက်ဆင်နွှဲလျက်ရှိနေပြီး နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း KNU က အသိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့တွင် သင်္ဃန်းညီနောင်အခြေစိုက် ခမရ (၃၅၅)၊ မတ်လ ၉ ရက်နေ့တွင် သင်္ဃန်းညီနောင်၊ မတ်လ ၁၁ ရက်နေ့တွင် မြဝတီမြို့နယ်ရှိ စစ်ကောင်စီ​၏ ဖလူးစခန်းတို့ကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်ထားပြီး လက်နက်၊ ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း KNU ဗဟို​၏ ထုတ်ပြန်ချက်နှင့် သတင်းရင်းမြစ်များထံက သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)