တိုင်းနှင့် ပြည်နယ် အများစုတွင် အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာမည်

ပုံအညွှန်း - မကွေးမြို့တွင် မိုးသည်းထန်စွာရွာသွန်းနေသည့် မြင်ကွင်း။ (ပုံ - အဟောင်း)

ပုံအညွှန်း – မကွေးမြို့တွင် မိုးသည်းထန်စွာရွာသွန်းနေသည့် မြင်ကွင်း။ (ပုံ – အဟောင်း)

ရောင်နီ

(မဇ္ဈိမ) ။ ။ တိုင်းနှင့် ပြည်နယ် အများစု၌ မတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့များတွင် အချိန်အခါမဟုတ် မိုးထစ်ချူန်းရွာနိုင်ကြောင်း အမျိုးသား ညီညွှတ်ရေးအစိုးရ (NUG) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM) က ထုတ်ပြန်သည်။

လက်ရှိမှာ ရာသီအကူးအပြောင်းကာလ ပီပြင်လာသောကြောင့် တပြည်လုံးတွင် နေ့အပူချိန်များ စတင်မြင့်တက်မှုကို ခံစားရလာနိုင်ကြောင်းလည်း MOHADM က ဆိုသည်။

ထို့အပြင် နွေမုတ်သုံဝင်ရောက်နေရာယူနိုင်စေမည့် ရေငွေ့ပါသောလေများ တိုးဝင်လာနိုင်သဖြင့် မိုးတိမ်တောင်များ ဖြစ်ထွန်းပြီး မတ်လ ၂၁၊ ၂၂ နှင့် ၂၃ ရက်နေ့များတွင်
မြန်မာနိုင်ငံတောင်ပိုင်း၊ မြစ်၀ကျွန်းပေါ် အနောက်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာစေနိုင်သည်ကို သတိပြုစေလိုကြောင်း MOHADM က ပြောထားသည်။

စစ်ကောင်စီ မိုးဇလဌာန၏ ခန့်မှန်းချက်တွင်လည်း နောက်နှစ်ရက်အတွင်း မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း ယနေ့ မတ်လ ၂၀ ရက်နေ့ ညနေ ၄ နာရီက ထုတ်ပြန်သည်။

တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာ၀တီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက ဖော်ပြထားသည်။

စာတည်း။ ။ နောင်နောင်