ကလေးမြို့နယ်၌ စစ်ကောင်စီ ပစ်ခတ်မှုများကြောင့် ၁လခန့်အတွင်း သေဆုံးသူအရပ်သား ၂၅ဦးထက်မနည်းရှိလာ

ပုံအညွှန်း- ကလေးမြို့၊ ပျဉ်းခုံးကြီးရွာတွင် စစ်ကောင်စီလက်နက်ကြီးကျရောက်ပေါက်ကွဲပြီးနောက် နေအိမ်ပျက်စီးမှုများနှင့် အိမ်မွေးတိရိစ္ဆာန်အချို့ သေဆုံးနေသည့်မြင်ကွင်း

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မြောက်ပိုင်း၊ ပျဥ်းခုံကြီးကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ဒေသခံအမျိုးသားသုံးဦးသေဆုံးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် ယနေ့ မတ်လ ၂၀ရက်နံနက်၆နာရီကျော်မှစတင်ပြီး ကလေးမြို့မြောက်ပိုင်းသို့လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့စဉ် ပျဥ်းခုံးကြီးရွာ၌ ကျရောက်ပေါက်ကွဲပြီး
(အသက်၅၇နှစ်) ပူးထရမ်နေထန်း ၊(အသက်၅၇နှစ်) ပူးကောလ်တင်ခမ်မ်နှင့် (အသက်၃၃နှစ်)အရွယ် ဇာစန်မှုန်းတို့ သေဆုံးခဲ့ခြင်းဟု သိရသည်။

ထို့ပြင် ဒဏ်ရာရရှိသူခုနစ်ဦးခန့်ရှိပြီး နွားလေးကောင်လည်းသေဆုံးကြောင်းကနဦးသိရကာ အသေးစိတ်အခြေအနေကို မသိရသေးကြောင်း ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတဦးကမဇ္စျိမကိုပြောသည်။

” ရမ်းသမ်းပစ်နေတာ ဆက်တိုက်ပဲ။ သူတို့ကိုထောက်ခံတဲ့ ပျူစောထီးရွာတွေကိုပါ ပစ်နေတာ” ဟု ကလေးမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

ပျဥ်ခုံကြီးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယင်းကဲ့သို့ပစ်ခတ်ခြင်းဖြစ်ကြောင်း ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ရက်နေ့မှစ၍ ကလေးမြို့မြောက်ပိုင်းနှင့်တောင်ပိုင်းရှိ စစ်ကောင်စီတပ်အခြေစိုက်စခန်းများကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ပြီးနောက်ပိုင်း ကလေးမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။ မြေပြင်တိုက်ပွဲများ၌ ထိခိုက်မှုများနေသည့်စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်ခြင်း၊လေကြောင်းမှတိုက်ခိုက်ခြင်းများကြောင့် ဖေဖော်ဝါရီလ ၂၁ရက်မှ ယ‌နေ့အထိ တလခန့်အတွင်း ကလေးငယ်အချို့အပါအဝင်ဒေသခံပြည်သူ ၂၅ဦးထက်မနည်းသေဆုံးခဲ့ပြီးဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှသိရသည်။

” လက်နက်ကြီးနဲ့တချိန်လုံးရမ်းသမ်းပစ်ခတ်တယ်။ မဆိုင်တဲ့ပြည်သူတွေရဲ့အိမ် ပေါ်တွေကိုကျတယ်။ တနေကုန်ထုတယ်။ညတွေဆိုလည်းဆက်တိုက်ထုတယ်။ ကလေးသူငယ်တွေ အခုနောက်ပိုင်းသေတာတွေ‌ တော်တော် များလာတယ်” ဟု ဒေသခံတဦးကပြောသည်။

မတ်လ ၁၆ရက်မှ မတ်လ ၁၈ရက်အတွင်း စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် ကလေးငယ်သုံးဦးသေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

အရပ်သားထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်စွဲထားသည့် ကလေးမြို့ထွေအုပ်ရုံးအား ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ်မရရှိသေးပေ။

လတ်တလော ကလေးမြို့နယ်စစ်ရေးအခြေအနေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မတ်လ ၁၆ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ထားသော ကျောင်းတိုက်ရွာ၌ စစ်ရေးတင်းမာလျက်ရှိသည်။ကလေးမြို့အခြေစိုက် စစ်ကောင်စီတပ်က မတ်လ ၁၉ရက် ယမန်နေ့မှစ၍ ကျောင်းတိုက်ရွာကို လက်နက်ကြီးများဖြင့်ပစ်ခတ်နေကြောင်း သတင်းရရှိသည်။ ကျောင်းတိုက်ရွာအား လက်နက်ကြီးဖြင့်ပစ်ခတ်မှု၌လည်း ဒေသခံများသေဆုံးမှုရှိခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ကလေးမြို့မြောက်ပိုင်းရှိ ပျဥ်းခုံလေးရွာကိုလည်း စစ်ကောင်စီတပ်က ယမန်နေ့ မတ်လ ၁၉ရက်မှစ၍ မီးရှို့နေကြောင်းသိရသည်။ပျဥ်းခုံလေးရွာကို စစ်ကောင်စီတပ်ကနှစ်ရက်ဆက် မီးရှို့နေခြင်းဖြစ်ပြီး မီးခိုးလုံးများမြင်တွေ့နေရကာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေးကြောင်း ဒေသခံတဦးကပြောသည်။

စာတည်း – အေးချမ်း

ပုံအညွှန်း- ကလေးမြို့၊ ပျဉ်းခုံးကြီးရွာတွင် စစ်ကောင်စီလက်နက်ကြီးကျရောက်ပေါက်ကွဲပြီးနောက် နေအိမ်ပျက်စီးမှုများနှင့် အိမ်မွေးတိရိစ္ဆာန်အချို့ သေဆုံးနေသည့်မြင်ကွင်း