ကျိုက်ဒုံ ရေတလျောက်စခန်းမှ စစ်ကောင်စီတပ်သား ၂၆ ဦး ထိုင်းဘက်သို့ ထွက်ပြေး

ဓါတ်ပုံ- ทหารแฟนคลับ Facebook Page

ဓါတ်ပုံ- ทหารแฟนคลับ Facebook Page

YT

(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ရှိ ရေတလျောက်စခန်းမှ စစ်ကောင်စီ တပ်သား ၂၆ ဦး ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့နယ်ဘက်သို့ ထွက်ပြေးသွားကြောင်း ကရင်အမျိုးသားအစည်း အရုံး (KNU) တပ်မဟာ (၆) ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်ထံမှ သိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ရေတလျောက်စခန်းမှ စစ်ကောင်စီတပ်သားများသည် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့၏ လက်နက်ချရန်ပြောဆိုခြင်းအပေါ် လက်မခံဘဲ မတ်လ ၂၁ ရက် ယနေ့ နံနက်အစောပိုင်းတွင် လက်နက်အပြည့်အစုံဖြင့် ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့နယ်၊ ပိုင်ခလန် ကျေးရွာဘက်သို့ ထွက်ပြေးခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒီမနက် ရေတလျောက်က ၂၆ ဦး ထွက်ပြေးတယ်။ မယ့်သရောထာ့စခန်းကကောင်တွေ ထိုင်းဘက်ပြေး လို့ ရေတလျောက်စခန်းကလည်း နမူနာယူပြီး ထွက်ပြေးတာပါပဲ။ ကျွန်တော်တို့လူတွေက ပိတ်ဝိုင်းထား တာ၊ လက်နက်ချဖို့ပြောတာ တနိုင်ငံတည်းသားမို့ လက်နက်အပ်ချင်ပုံမရဘူး၊ ထိုင်းဘက်ကိုလက်နက် သွားအပ်ကြတာ” ဟု ပဒိုစောလစ္စတန်က ပြောသည်။

လက်ရှိတွင် ထိုင်းစစ်တပ်နှင့်ရဲက လက်နက်၊ အသုံးအဆောင်များကို သိမ်းဆည်း၍ စစ်ကောင်စီတပ်သား များကို ထိန်းသိမ်းထားကြောင်း သိရသည်။

“ထိုင်းဘက်ခြမ်းက လူထုကိုသွားအပ်တာ၊ နောက်မှ ထိုင်းရဲနဲ့တပ်က ရောက်လာတာ။ ခုတော့ လက်နက် သိမ်းပြီးလောက်ပြီ၊ သူတို့ကို ရက်အနည်းငယ် ထိန်းသိမ်းပြီးမှ စကစ ဘက်ပြန်လွှဲမယ်ထင်တယ်” ဟု ပဒိုစောလစ္စတန်က ဆက်ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားများမရှိတော့သည့် ရေတလျောက်စစ်ကောင်စီစခန်းကို KNLA ပူးပေါင်း တပ်ဖွဲ့က နယ်မြေရှင်းလင်းရေးပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။

မတ်လ ၁၉ ရက်နေ့ကလည်း KNLA ပူးပေါင်းတပ်ဖွဲ့၏ ပိတ်ဆို့တိုက်ခိုက်မှုများကြောင့် ကျိုက်ဒုံမြို့၊ မဲသရောထစခန်းမှ စစ်ကောင်စီတပ်သား ၅၀ ဦးနီးပါး ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့နယ်၊ ပိုင်ခလန်ကျေးရွာဘက် သို့ ထွက်ပြေးသွားကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)ထံက သိရသည်။

စာတည်း။ ။စောဖေ