ချောင်းဦး-မုံရွာလမ်းတွင် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၆ ဦးသေဆုံးဟုဆို

008

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ချောင်းဦး – မုံရွာလမ်းတွင် ဖြတ်သန်းသွားသည့် စစ်ကောင်စီတပ်ယာဉ်တန်းများကို မိုင်းဆွဲတိုက်ခိုက်ရာ ကားနှစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်မှ ၁၆ ဦးသေဆုံးသည်ဟု ယနေ့ မတ်၂၂ ရက်စွဲဖြင့် BRAVE HEART ARMY (BHA )က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတပ်မ( ၃၃ )မှ မုံရွာ နမခသို့ ထွက်လာသည့် ငါးစီးပါ စစ်ယာဉ်တန်းနှင့် လေးစီးပါစစ်ယာဉ်တန်းကို ချောင်းဦး – မုံရွာလမ်းပိုင်းတွင် မတ် ၂၀ရက်က ငါးကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၆ ဦးသေဆုံးပြီး စစ်ကားနှစ်စီး ပလက်လန်သွားသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တပ်မ( ၃၃ )မှ နမခသို့ထွတ်လာသည့် စကစ၏ Jammer ကား ငါးစီးကို မုံရွာချောင်းဦးလမ်းပိုင်းတနေရာတွင် ညနေ ၅နာရီ ၅၅မိနစ်၌ ပထမဆုံးအစီးကို ပတ်လည်မိုင်း လေးလုံးဖြင့် တကြိမ်၊ ညနေ ၅နာရီ ၅၇မိနစ်၌ ရှေ့ထွက်ပြောင်း သုံးပြောင်းဖြင့် ဒုတိယမြောက်ကားကိုတကြိမ် ၊ ညနေ ၆နာရီ၌ နောက်ထပ်ပြောင်း သုံးပြောင်းဖြင့် ဒုတိယမြောက်ကားကို နောက်ထပ်တကြိမ် အသီးသီးတိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်ခံရခြင်းကြောင့် မုံရွာ နမခမှစစ်ကူလိုက်လာသည့် လေးစီးပါစစ်ယာဉ်တန်းကို ည ၁၀နာရီတွင် မုံရွာ – ချောင်းဦးလမ်းပိုင်း တနေရာ၌ နှစ်ကြိမ်ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ထိထိမိမိတိုက်ခိုက်နိုင်ခဲ့ပါတယ်။ ကားနှစ်စီးပလပ်လန်ပြီး ကရိန်းကားနဲ့လာရောက်ပြန်လှန်သွားခဲ့တယ်။ အတွင်းသတင်းပေးပို့မှုအရ စကစ ၁၆ ကောင်‌ သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေများတယ်လို့လည်း သိရတယ်။မိဘပြည်သူတွေရဲ့ ပို့သတဲ့မေတ္တာကြောင့် ကျွန်တော်တို့ရဲဘော်‌တွေအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။”ဟု BRAVE HEART ARMY (BHA) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ ထိခိုက်သေဆုံးမှုစာရင်းကို မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အဆိုပါတိုက်ခိုက်မှုကိုBRAVE HEART ARMY -BHA မှ ဦးဆောင်ပြီး CHINDWIN FIGHTER GROUP-CFGတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)

ရုပ်သံ၊BHA