မြို့ ၆ မြို့နှင့် တပ်စခန်း ၆၅ ခု သိမ်းပိုက်ထားဟု ကရင်နီပူးပေါင်းအဖွဲ့ထုတ်ပြန်

ဓါတ်ပုံ- KNDF

ဓါတ်ပုံ- KNDF

ဂျူချန်း

(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်တွင် ၁၁၁၁ စစ်ဆင်ရေးအတွင်း မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊ မော်ချီးနှင့် မိုးဗြဲ စသည့် မြို့ခြောက်မြို့ကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီ၏ တပ်စခန်း ၆၅ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု မှ ယနေ့ မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။

သံလွင်အရှေ့ခြမ်းရှိ ရှားတော၊ ရွာသစ် နှင့် မယ်စဲ့ မြို့နယ်များကို တော်လှန်ရေးပူးပေါင်းတပ်မှ သိမ်းပိုက်ထားပြီး သံလွင်အရှေ့ခြမ်းကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ ကရင်နီပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ်တလျှောက်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့မှ ထိန်းချုပ်ထားကြောင်း KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

“သံလွင်အရှေ့ခြမ်းမှာ စစ်ကောင်စီလုံးဝမရှိတော့ပါဘူး။ စစ်ကောင်စီကင်းစင်နယ်မြေတွေလို့ ပြောလို့ရပါတယ်။ သံလွင်အရှေ့ခြမ်းရော ထိုင်းမြန်မာနယ်စပ်တွေအားလုံးကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်” ဟု KNDF ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားသည့် တပ်စခန်းများမှာ လွိုင်ကော်မြို့တွင် ၁၂ ခု၊ ဒီးမော့ဆိုတွင် ၁၃ ခု၊ ဖားဆောင်းမြို့နယ်တွင် ကိုးခု၊ ဘောလခဲမြို့နယ်တွင် ငါးခု၊ ရှားတောမြို့တွင် ခုနစ်ခု၊ မိုးဗြဲနှင့် ဖယ်ခုံမြို့နယ်တွင် ၁၇ ခု၊ မယ်စဲ့မြို့နယ်တွင် တခု ဖရူဆိုတွင် တခု စုစုပေါင်း ၆၅ ခုဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

၁၁၁၁ စစ်ဆင်ရေးကာလအတွင်း လက်နက်ချ အညံ့ခံသည့် စစ်သုံ့ပန်းအရေအတွက် ၇၀ နီးပါးရှိကာ ဘက်ပြောင်းသည့် တပ်ဖွဲ့ဝင်များရှိသော်လည်း အရေအတွက်ကိုမူ လုံခြုံရေးအရ သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း KNDF က ဆိုသည်။

“လက်နက်ချတဲ့ စစ်သုံ့ပန်းကတော့ ၇၀ နီးပါးရှိပါတယ်။ ဘက်ပြောင်းတဲ့တပ်ဖွဲ့ဝင်တွေကိုတော့ ကျနော်တို့ လောလောဆယ် မထုတ်ပြန်သေးပါဘူး” ဟု KNDF ပြန်ကြားရေးက ပြောသည်။

လက်ရှိတွင် လွိုင်ကော်နှင့် ဖားဆောင်းမြို့များတွင် မြို့တွင်းတိုက်ပွဲများ ဖော်ဆောင်နေပြီး နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ လွိုင်ကော်၊ ဖားဆောင်း၊ ဖယ်ခုံ နှင့် ဘောလခဲမြို့နယ်များတွင် စစ်ကောင်စီ၏ တပ်စခန်းအများစုကို သိမ်းပိုက်ထားနိုင်သော်လည်း စစ်ကောင်စီအဓိက အခြေစိုက်စခန်းများကို သိမ်းပိုက်နိုင်ခြင်းမရှိသေးကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။ စစ်ကောင်စီဘက်မှလည်း မြို့တော် လွိုင်ကော် မကျဆုံးစေရေးအတွက် အပြင်းအထန် ခုခံနေကြောင်း ဆိုသည်။

စာတည်း – သန့်ဇော်(သန်လျင်)