‌အင်္ဂပူတွင် စစ်မှုထမ်းရန် မဲပေါက်သူထွက်ပြေးသည့်အတွက် လူစားထိုးရန် သိန်း၇၀ တောင်းဟုဆို

ပုံအညွှန်း-စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။

ပုံအညွှန်း-စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။

ကီရာ

(မဇ္ဈိမ)။ ။ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ နွားခြံအုပ်စု၊ ကွင်းကောက်‌ကျေးရွာတွင် စစ်မှုထမ်းရန် မဲပေါက်သည့် လူငယ်တဦး ထွက်ပြေးသည့်အတွက် လူစားထိုးရန်ဟုဆိုကာ အုပ်ချုပ်ရေးမှူးက ကျပ်သိန်း ၇၀ တောင်းခံနေသည်ဟု ‌ဒေသခံများက ပြောသည်။

“မဲပေါက်တဲ့ လူငယ်လေးကိုယ်စား အဲဒီမဲကို သူ့အဘွားက နှိုက်ပေးရတာ။ သူမဲနှိုက်လိုက်လို့ သူ့မြေးလေး မဲလည်းပေါက်သွားကော သူ့အဘွားဆိုရင် သတိလစ်ပြီး လဲကျသွားတာ။ အဲ့ကလေးက ၂၀ရက်နေ့ညက ထွက်ပြေးသွားတာလေ။ အဲ့မှာ ကျန်ခဲ့တဲ့အဘွားကို လူစားထိုးဖို့ ဆိုပြီး သိန်း ၇၀ အတင်းတောင်းနေတာ”ဟု ဒေသခံတဦးက ပြောသည်။

စစ်မှုထမ်းရန် မဲနှိုက်ခြင်းကို မတ်လ ၂၀ရက်နေ့မှ စတင်လုပ်ဆောင်နေပြီး မဲပေါက်သွားသူများမှာ ထွက်ပြေးနေကြောင်း ဒေသခံများကပြောသည်။

“သူတို့က လတိုင်းမဲနှိုက်ရမယ် ပြော‌တယ်။ အခု မဲပေါက်တဲ့သူတွေကတော့ တော်တော်များများထွက်ပြေးကုန်ပြီ။ ဒီနေ့လဲ မဲထပ်နှိုက်တယ် ပေါက်တဲ့သူတွေက ထွက်ပြေးတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်။

ထို့အပြင် စစ်မှုထမ်းရန် မဲပေါက်သူများကို ရပ်ကွက်မှ ထောက်ပံ့ကြေး ပေးဆောင်ရမည်ဟု မတ်လ ၁၈ ရက်နေ့တွင် အစည်းအဝေးခေါ်ကာ ပြောဆိုခဲ့‌ကြောင်းလည်း ဒေသခံများက ပြောသည်။

စစ်မှုထမ်းရန် မဲပေါက်သူများကိုလည်း ထွက်မပြေးရန် စာချုပ်တွင် လက်မှတ်ထိုးခိုင်းခြင်းနှင့် ထွက်ပြေးပါက ကျန်ရှိသည့် မိသားစုဝင်များကို ဥပဒေအတိုင်း အရေးယူမည်ဟု ခြိမ်းခြောက်ခြင်းများလည်း ရှိကြောင်း ဒေသခံများက ဆိုသည်။

စာတည်း ။ ။ ဖူးသိမ်ကျ