ဖာပွန်တောင်ပိုင်းမှ စစ်ကောင်စီ၏ ထောက်ပို့နှင့်ဆက်သွယ်ရေးလမ်းကြောင်းများကို KNLA ပူးပေါင်း တပ်ဖွဲ့ပိတ်ဆို့

ပုံအညွှန်း- KNLA ပူးပေါင်းတပ်ဖွဲ့​၏ စစ်ဆင်​ရးသုံး ဒရုန်းတစင်း (ဓါတ်ပုံ- KNU- Mutraw News)

ပုံအညွှန်း- KNLA ပူးပေါင်းတပ်ဖွဲ့​၏ စစ်ဆင်​ရးသုံး ဒရုန်းတစင်း (ဓါတ်ပုံ- KNU- Mutraw News)

YT

(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီ အထိုင်ချတပ်ရင်းများ၏ ထောက်ပို့ နှင့် ဆက်သွယ်ရေးလမ်းကြောင်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်း တပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်ထားကြောင်း KNU-မူတြော်သတင်းစဉ်က သတင်းထုတ်ပြန် ထားသည်။

ဖာပွန်မြို့နယ်တောင်ပိုင်းတွင်အထိုင်ချနေသည့် စစ်ကောင်စီ၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အခြေချ စစ်ဗျူဟာ စဗခ(၁)လက်အောက်ခံတပ်ရင်းအားလုံး၏ စခန်းတည်ရှိရာများဖြစ်သည့် မယ်တရိုး၊ ဝေနောင်၊ တံခွန်တိုင်၊ ဝေဆာ စသည့်ဒေသများကို ကူးလူးသွားလာနိုင်သည့် လမ်းများအားလုံးကို မတ်လ ၁၉ ရက် နေ့မှစ၍ KNLA နှင့်ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့ဖြတ်တောက်ထားခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလအတွင်း KNLA ဗဟိုက ကရင်ပြည်နယ်အတွင်း အထိုင်ချနေသည့် စစ်ကောင်စီတပ်စခန်းအားလုံး ပြန်လည်ရုတ်သိမ်းရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုက်ခိုက်မောင်းထုတ် မည့်အကြောင်းထုတ်ပြန်ခဲ့သော်လည်း လိုက်နာခြင်းမရှိခဲ့၍ ယခုကဲ့သို့ ထောက်ပို့ရေးလမ်းကြောင်းများကို ဖြတ်တောက်ရခြင်းဖြစ်သည်ဟု KNU က ဆိုသည်။

စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင်း စစ်အာဏာသိမ်းပြီးနောက် တပ်စခန်းများကို အခိုင် အမာ မွမ်းမံခြင်း၊ အသစ် ဆောက်လုပ်ခြင်း၊ မဟာဗျူဟာလမ်းကြောင်းများ ဖောက်လုပ်ခြင်းတို့ဖြင့် ကရင် ပြည်နယ်အတွင်း ၎င်းတို့၏ စစ်အုပ်ချုပ်ရေးကိုတည်ဆောက်ခြင်း၊ စစ်ရေးနှင့် မသက်ဆိုင်သည့် ပြည်သူ လူထုကိုပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးသတ် ဖြတ်ခြင်းတို့ကို ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါလုပ်ရပ်များကြောင့် ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများ၏ ထောက်ပို့ရေး၊ ဆက်သွယ် ရေးလမ်းကြောင်းများကို ဖြတ်တောက်ထားပြီး တဖက်တွင်လည်း အဆိုပါတပ်ရင်းများအားလုံး ထွက်ခွာ ရန် ဖိအားပေးလုပ်ဆောင်နေကြောင်း ဆိုသည်။

တပ်မဟာ (၅) KNLA ပူးပေါင်းတပ်ဖွဲ့၏ ပိတ်ဆို့မှုများမတိုင်မီအချိန်ကတည်းက စစ်ကောင်စီက ဖာပွန်မြို့ ပေါ်နှင့် အနီးအနားကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်နေ၍ ဒေသခံ ၁,၀၀၀ ထက်မနည်း ဘေးလွတ်ရာဒေသများတွင် တိမ်းရှောင်နေကြပြီး အကူအညီများလိုအပ်နေကြောင်း KNU ထံက သိရသည်။

စာတည်း။ ။စောဖေ