တီးတိန်တွင် စစ်သားစုဆောင်ရေးကူညီနေသူ Non-CDM ၅ ဦးကို ကာကွယ်ရေးတပ်ဖွဲ့ဖမ်းဆီး

ဖမ်းဆီးထားသူ ၅ဦးအနက် ၁ဦးပုံ/ဓါတ်ပုံ – PDF – Zoland

ပါခွီး

(မဇ္စျိမ)။ ။ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့တွင် စစ်သားစုဆောင်ရေးကူညီနေသူ Non- CDM ဝန်ထမ်း ငါးဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း PDF- Zoland မှ ယနေ့ မတ်လ ၂၅ ရက်တွင် သတင်းထုတ်ပြန် သည်။

“မိမိတို့၏သတိပေးချက်ကိုဂရုမစိုက်ဘဲ အကြမ်းဖက်စစ်ကောင်စီအတွက် အတင်းအဓမ္မစစ်သားစုဆောင်း ကူညီပေးကြသော လူပုဂ္ဂိုလ်များအား ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။

စစ်ကောင်စီအတွက် အတင်းအဓမ္မစစ်သားစုဆောင်းရန် ကူညီပေးကြသော အသက် ၃၆ နှစ်အရွယ် ဦးကပ်ဆွင်းခွါလ် (လက်ထောက်အင်ဂျင်နီယာ-စည်ပင်)၊ အသက် ၅၅ နှစ်ရှိ ဦးခွါလ်လျန်းမုန် (ဒုတိယ ကြီးကြပ်-မွေး/ကု)၊ အသက် ၄၈ နှစ်အရွယ် ဦးလျန်းလမ်ခိုင်(အုပ်စုစာရေး-ထွေ/အုပ်)၊ အသက် ၄၈ နှစ် အရွယ် ဦးရှင်းခန့်ခွါလ်(အား/ကာမှူး)နှင့် အသက် ၅၇ နှစ်အရွယ် နန်ဆွင်းဂင့်(အငယ်တန်းစာရေး-လ၀က) တို့ကို စစ်ကောင်စီအတွက် စစ်သားစုဆောင်းရန် ကူညီပေးခြင်းကြောင့် ဖမ်းဆီးထိမ်းသိမ်းထားခြင်းဖြစ် ကြောင်း PDF- Zoland ကဆိုသည်။

ဖမ်းဆီးထားသူများ/ဓါတ်ပုံ – PDF – Zoland

“ဒီနေ့မနက်မှာ သူတို့ရဲ့ နေအိမ်တွေကနေ ဖမ်းဆီးခေါ်ဆောင်ခဲ့တာပါ” ဟု PDF – Zoland တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

“ရပ်ကွက်တွေမှာ စာရင်းလာကောက်တဲ့သူတွေလို့ သိရတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းနေတာဖြစ်တဲ့ အတွက် ထိရောက်စွာအရေးယူပေးပါ။ PDF ကတော့ လုပ်သင့်လုပ်ထိုက်တာ လုပ်နေတာဖြစ်တယ်။ အား ပေးပါတယ်” တီးတိန်ဒေသခံတဦးက မဇ္စျိမအားပြောသည်။

PDF -Zoland ၏ထုတ်ပြန်ချက်တွင် သည်းခံနားလည်ပေးမှုသည် အကန့်အသတ်ရှိပြီး စစ်ကောင်စီအား တထောင်တနေရာမှ ပူးပေါင်းပံ့ပိုးသူများကို ဆက်လက်အရေးယူသွားပါမည်ဟု ဖော်ပြထားသည်။

မတ်လ၁၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် တီးတိန်မြို့ပေါ်၌ နေရာ သုံးနေရာခွဲပြီး လူငယ်များအား စစ်မှုထမ်းရန်ဆင့်ခေါ်သည့် ပုံစံစာရွက်များဖြည့်ခိုင်းကာ ပြန်လွှတ်ပေးခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

တီးတိန်၊ တွန်းဇံနှင့် ကျီခါးမြို့နယ်များတွင် စစ်မှုမထမ်းမနေရဥပဒေကို အကောင်အထည်ဖော် ဆောင် ရွက်နေမှုအား စောင့်ကြည့်နေပြီး ကူညီပူးပေါင်းခြင်းမပြုလုပ်ကြရန် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် PDF – Zoland က ထုတ်ပြန်ထားသည်။ ထို့ပြင် တော်လှန်ရေးတွင်ပူးပေါင်းလိုသူ လူငယ်များကို ကြိုဆိုလျက်ရှိ ကြောင်း အသိပေးထားသည်။

စာတည်း။ ။စောဖေ