မန္တလေးမြို့လယ်ခေါင်မှ KBZ ဘဏ်ခွဲဓားပြတိုက်ခံရ

007၊008

(မဇ္ဈိမ)။ ။မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၄ လမ်း၊ ၃၁ နှင့် ၃၂ လမ်းကြားရှိ KBZ ဘဏ်ခွဲသည် ယနေ့ မတ်လ ၂၅ရက် နံနက်ပိုင်းတွင် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၂,၀၀၀ကျော်ပါသွားကြောင်း သတင်းရရှိသည်။

“လူသုံးယောက်ဆိုင်ကယ်နှစ်စီးနဲ့ရောက်လာတယ်။ သုံးယောက်လုံး မျက်နှာကိုမက်စ်နဲ့ကွယ်ထားတယ်။ တယောက်ကသေနတ်ပါတယ်။ လုပ်သေနတ်လို့ယူဆရတယ်။ နောက်တယောက်က ပုဆိန်နဲ့၊ သုံးယောက်လုံးဝင်လာပြီး တယောက်က ပိုက်ဆံတွေသိမ်းကြုံးအိတ်ထဲထည့်ပြီးယူသွားတယ်။ သိန်း ၂,၀၀၀ကျော်တယ်လို့ပြောတာပဲ” ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သူတဦးကပြောသည်။

အဆိုပါဖြစ်စဉ်သည် ယနေ့ နံနက် ၁၁ နာရီခန့်တွင်ဖြစ်ပွားခဲ့ပြီး ဓားပြတိုက်သူများက ကျပ်သိန်း၂,၀၈၀ ယူဆောင်သွားကြောင်း စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များ၌ ဖော်‌ပြထားသည်။

ဓားပြတိုက်သူသုံးဦးက ဆိုင်ကယ်ဦးထုပ်များဆောင်းထားပြီး မျက်နှာတွင် မက်စ်တပ်ထားကြသည်။တဦးက ဘဏ်အရှေ့ဘက်၌ စောင့်နေပြီး ကျန်နှစ်ဦးက ဘဏ်အတွင်းပိုင်းအထိဝင်ရောက်ကာ စားပွဲပေါ်မှ ငွေထုပ်များအား ဆာလာအိတ်ဖြင့်ထည့်သွင်းယူဆောင်သွားသည်ကို ထွက်ပေါ်လာသည့် စီစီတီဗီမှတ်တမ်းတွင် တွေ့ရသည်။

ဓားပြတိုက်ခံရသည့် ဘဏ်ခွဲသည် မန္တလေးဆေးတက္ကသိုလ်နှင့်နီးသလို စစ်ကောင်စီတပ်စွဲထားသည့် မန္တလေးဆေးရုံကြီးနှင့် ကိုက်နှစ်ရာခန့်သာကွာဝေးကာ လူစည်ကားရာ မြို့လယ်ခေါင်၌ ရှိကြောင်း၊ မြို့ပေါ်၌ စစ်ကောင်စီက စစ်ဆေးရေးတင်းကြပ်ထားစဉ် ဘဏ်ဓားပြတိုက်ခံရသည့်ဖြစ်စဉ်သည် ထူးဆန်းနေကြောင်း ဒေသခံအချို့ကမှတ်ချက်ပြုသည်။

“ပြောရင်တော့ လူရီစရာဗျ။မြို့ထဲဗျာ။စစ်လိုက်တဲ့အစစ်၊ဘယ်လမ်းသွားသွား၊ဘယ်နေရာဝင်ဝင် လွတ်တယ်ကိုမရှိဘူး။အခု ဆိုင်ကယ်နဲ့မိန်းလမ်းပေါ်သေနတ်ကိုင် တိုက်သွားတယ်။ဘယ်အဖွဲ့မှတောင်မသိလိုက်ဘူး။ဘဏ်မန်နေဂျာဖုန်းဆက်မှ ရဲကရောက်လာပြီး စစ်လား၊ဆေးလားလုပ်နေတယ်”ဟုဒေသခံလုပ်ငန်းရှင်တဦးက ဆိုသည်။

ယနေ့ ဘဏ်ဓားပြတိုက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက တရားဝင်သတင်းထုတ်ပြန်သည်ကိုမတွေ့ရသေးပေ။ ဘဏ်အနီးရှိ နေအိမ်များနှင့်လမ်းဆုံ လမ်းခွများတွင် တပ်ဆင်ထားသည့် စီစီတီဗီမှတ်တမ်းများကို ရဲတပ်ဖွဲ့မှ စစ်ဆေးလျက်ရှိသည်။

ချမ်းအေးသာစံမြို့နယ် လမ်း ၃၀၊ ၇၂ လမ်းနှင့် ၇၃ လမ်းကြားတွင် ယမန်နှစ်၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း ရွှေဆိုင်တဆိုင်မှ သိန်း ၁၀,၀၀၀ကျော်တန်ကြေးရှိသည့် လက်ဝတ်ရတနာများဓားပြတိုက်ခံခဲ့ရဖူးသည်။၂၀၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ကလည်း ချမ်းအေးသာစံမြို့နယ် ၊အမှတ်(၃)ရဲစခန်းအနီး၊ ၂၆ လမ်း၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြားရှိ KBZ ဘဏ်ခွဲ(၉)ဓားပြတိုက်ခံရပြီး ငွေကျပ် ၄၄၉ သိန်းပါသွားကြောင်း၊ ထိုနှစ် မေလ ၂ ရက်နေ့တွင်လည်း ချမ်းမြသာစည်မြို့နယ်၊ ၆၄ လမ်းနှင့် မနော်ဟရီလမ်းထောင့်ရှိ KBZ ဘဏ်ခွဲ(မနော်ဟရီဘဏ်ခွဲ)ဓားပြတိုက်ခံရပြီးကျပ်သိန်း ၁,၀၀၀ ကျော်ပါသွားကြောင်း သိရသည်။

စာတည်း – အေးချမ်း