ထိုင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုသူ ၁၃၀ ကျော်ကို မြန်မာနိုင်ငံသို့ ပြန်ပို့

တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခံရသည့် မြန်မာနိုင်ငံသားများ

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။ထိုင်းနိုင်ငံ အကျဥ်းထောင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင်ကျနေသည့် မြန်မာနိုင်ငံသား ၁၃၄ ဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။

ယနေ့ မတ်လ ၂၅ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် ရေလမ်းခရီးဖြင့် မြန်မာနိုင်ငံ ကော့သောင်းမြို့ဘက်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း ရနောင်းနေ မြန်မာရွေ့ပြောင်းလုပ်သားများထံက သိရသည်။

“ဒီနေ့မနက်ကပဲ ပို့လိုက်တာပါ။ အမျိုးသမီးတွေလည်းပါတယ်။ ဘယ်နှစ်ဦး ပါဝင်လဲ ဆိုတာ သေချာမသိရဘူး”လို့ ရနောင်းမြို့တွင် နေထိုင်နေသူ မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးက ပြော သည်။

၎င်းမြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံတောင်ပိုင်းရှိ အချုပ်ခန်းများတွင်ထိန်းသိမ်းပြီး နှစ်ဖက်နိုင်ငံ အာဏာပိုင်များက ညှိနှိုင်းချိတ်ဆက်ကာ ပြန်လည်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“ အခု ပြန်ပို့တဲ့ သူတွေက ထောင်ကျထားတဲ့ သူတွေပါ။ ဘယ်နှစ်လကျတယ် ဆိုတာ သေချာ မသိရဘူး” ဟု အခြား မြန်မာရွေ့ပြောင်း လုပ်သား တဦးကလည်း ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ရနောင်း-ကော့သောင်း ရေကြောင်းလမ်းမှတဆင့် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံနေရသူ မြန်မာနိုင်ငံသား ၂၀၆ ဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့ပေးခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး