စစ်ကောင်စီထံမှတဆင့်ပေးသော ထိုင်းအကူအညီများ ဒုက္ခသည်များထံသို့ မရောက်မည်ကို စိုးရိမ်

ကရင်ဒုက္ခသည်ပုံ (AFP)

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ စစ်ကောင်စီထံမှတဆင့်ပေးသော ထိုင်းအကူအညီများသည် အမှန်တကယ် အကူအညီလိုအပ်နေသော မြန်မာစစ်ဘေးရှောင်များထံသို့ မရောက်မည်ကို စိုးရိမ်ကြောင်း တက်ကြွလှုပ်ရှားနေသူများနှင့် ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

ကရင်ပြည်နယ်ရှိ ဒုက္ခသည်များအနက် လူပေါင်း၂၀,၀၀၀ ခန့်အတွက် ကယ်ဆယ်ရေး ပစ္စည်းများ၊ ဆန်နှင့် အစားသောက်များ အပါအဝင် အမျိုးအစားပေါင်း ၄,၀၀၀ နီးပါးခန့်ကို ထိုင်းနိုင်ငံကြက်ခြေနီအသင်းမှ စစ်ကောာင်စီလက်အောက်ခံ မြန်မာကြက်ခြေနီအသင်းထံသို့ ယနေ့ မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် မဲဆောက်မြို့မှတဆင့် လွှဲပြောင်းပေးခဲ့သည်။

အဆိုပါ ပစ္စည်းလွှဲပြောင်းပေးအပ်ပွဲကို ထိုင်းကြက်ခြေနီအသင်း၊ မြန်မာကြက်ခြေနီအသင်းနှင့် စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဦးစီဌာနက အရာရှိများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာဒုက္ခသည်များအတွက် လူသားချင်း အကူအညီများကို မြန်မာ စစ်ကောင်စီထံမှ တဆင့်မပေးဘဲ တော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ပြီး ပေးရန် တက်ကြွလှုပ်ရှားသူများက တစိုက်မတ်မတ် တောင်းဆိုနေသော်လည်း ထိုင်းဘက်က လစ်လျူရှုခဲ့ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။

ယနေ့ စစ်ကောင်စီထံ လွှဲပေးသည့်မြင်ကွင်း

“စိုးရိမ်ချက်လို့ပြောရင် နှစ်မျိုးရှိတယ်၊ လူသားချင်းစာနာထောက်ထားမှု လုပ်ပေးရမယ့် ရည်ရွယ်ချက်နဲ့ တကယ်ရောက်ရှိရမယ့် သူတွေဆီကို ရောက်ဖို့ ပြည့်မီပါ့မလားဆိုတာရယ်၊ နောက်ပြီး နိုင်ငံရေးအရ စိုးရိမ်ချက် ရှိပါတယ်” ဟု ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့(BACS) ဦးသူဆောင် မခရစ္စတင်းက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီက ထုတ်ပြန်ထားသည့် ပြည်သူ့စစ် မဟာဗျူဟာအောက်မှာ မြန်မာကြက်ခြေနီအသင်းသည် အဖွဲ့ဝင်အနေဖြင့် လုပ်ဆောင်နေမှုကို အချက်အလက် ခိုင်ခိုင်မာမာ ရရှိထားကြောင်းလည်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့(BACS) ဦးသူဆောင်က ပြောသည်။

“စစ်ကောင်စီက ဒီကရတဲ့ငွေကြွေးတွေကို ပြည်သူတွေကို သတ်ဖို့လက်နက်အဖြစ် အသုံးချသွားမှာကို ကျွန်မတို့ စိုးရိမ်ပါတယ်” ဟုလည်း မခရစ္စတင်းက ပြောသည်။

ထိုင်းနယ်စပ်တွင် အခြေစိုက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီလုပ်နေသူတဦးကလည်း မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) သည် စစ်ဘေးရှောင်များအတွက် ထိထိရောက်ရောက် အကူအညီပေးနိုင်မည်ဟု အယုံအကြည် မရှိကြောင်း မဇ္ဈိမကို ပြောသည်။

“ပြောရမယ်ဆိုရင် MRCS ဆိုတာက ဟိုတလောကမှ အကြီးဆုံး လူကြီး တယောက်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဂုဏ်ထူးဆောင် ဆုတွေ ပေးအပ်ထားလို့ ဆိုတော့ စစ်တပ်ရဲ့ ဒေါက်တိုင် လုပ်နေတဲ့ အဖွဲ့စည်း တခု လက်ထဲကို ဒီအရင်းမြစ်တွေ ရောက်သွားတာက ကျွန်တော်တို့ ဒီမိုကရေစီ အရေးအတွက်ပဲ ဖြစ်ဖြစ်၊ ဖယ်ဒရယ်အရေးအတွက်ပဲဖြစ်ဖြစ် လူအခွင့်ရေး ချိုးဖောက်နေတဲ့ အဖွဲ့တွေအနေနဲ့ ပြောရရင် စိုးရိမ်စရာ အခြေအနေပေါ့ဗျာ” ဟု နယ်စပ်အခြေစိုက် မြန်မာ့အရေးလုပ်ကိုင်နေသူက ပြောသည်။

နိုင်ငံတဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ ၂ ဒသမ ၈ သန်း ကျော်ရှိလာပြီး ကရင်ပြည်နယ်တွင် ဒုက္ခသည် ၂၀၀,၀၀၀ ဝန်းကျင်ရှိကြောင်း ကုလသမဂ္ဂလူသား ချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်