ကော့ဘိန်း ရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်၅ ဦးသေဆုံးပြီး သုံ့ပန်း ၂၃ ဦး ဖမ်းမိ

ကော့ဘိန်းနယ်မြေစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိသည့်လက်နက်များနှင့် ပူးပေါင်းတပ်ဖွဲ့များ

ဂျူချန်း

(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းမှ ကော့ဘိန်းနယ်မြေရဲစခန်းအား သိမ်းပိုက်မှုတွင် ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကျဆုံးကာ စစ်ကောင်စီတပ်သားငါးဦးသေဆုံးပြီး စစ်သုံ့ပန်း ၂၃ ဦးနှင့် ၎င်းတို့၏ မိသားစုဝင် ၁၈ ဦး၊ စုစုပေါင်း ၄၁ ဦးဖမ်းဆီးရမိခဲ့ကြောင်း Lion Battalion စစ်ကြောင်းက ယနေ့ မတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည်။

“စစ်သုံ့ပန်းတွေက စစ်သားရော ရဲရောပါဗျ။ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ NUG လက်ထဲကို အပ်နှံလိုက်ပါပြီ။ ရဲဘော်နှစ်ယောက်ကတော့ မွန်တပ်ဖွဲ့နဲ့ ဂဠုန်တပ်ဖွဲ့ကပါဗျ။ မွန်ပြည် သစ်ပါတီ(AD)ကလို့ သိရပါတယ်” ဟု Lion Battalion စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဂျိုးက မဇ္ဈိမကိုပြောသည်။

ကော့ဘိန်းနယ်မြေရဲစခန်းကို မတ်လ ၂၄ ရက်နေ့တွင် ပူးပေါင်းတပ်ဖွဲ့မှစတင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းမိသားစုဝင် ၁၈ ဦးတွင် လေးလအရွယ်ကလေးငယ်တဦးအပါအဝင် ကလေး ၁၁ ဦးနှင့် အမျိုး သမီး ခုနစ်ဦးပါဝင်ကြောင်း Lion Battalion စစ်ကြောင်းပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

“နို့စို့အရွယ်ကလေးကတော့ လေးလအရွယ်ပါ။ အန္တရာယ်ကင်းစွာ ရှိပါတယ်ခင်ဗျ။ ကလေးသူငယ်တွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ကာကွယ်စောင့်ရှောက်မှုတွေကိုလည်း ဆောင်ရွက်ပေးထားပါတယ်” ဟု ရဲဘော် ဂျိုးက ပြောသည်။

ကော့ဘိန်းနယ်မြေစခန်းသိမ်းတိုက်ပွဲကို Lion Battalion ဗျူဟာ စစ်ကြောင်း၊ မွန်ပြည်သစ်ပါတီ(AD)၊ မွန် ပြည်လွတ်မြောက်ရေးတပ်တော်(Mon Liberation Army)၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ ရှား ထူးဝေါ် နည်းပညာတပ်ဖွဲ့၊ KNDO တပ်ရင်း(၆)၊ စောနဂါးတပ်ဖွဲ့၊ SSDF ဒရုန်းတပ်ဖွဲ့နှင့် အယ်ဖာဘတ် ဒရုန်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းတပ်ဖွဲ့အနေဖြင့် ကော့ဘိန်းနယ်မြေရဲစခန်းကိုသိမ်းပိုက်ပြီးနောက် စခန်းကိုမီးရှို့ပြီး ပြန်လည် ဆုတ်ခွာခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့သည် ညနေပိုင်းတွင် တရနာကျေးရွာဘက်မှ စစ်ကြောင်းထိုးဝင်ရောက် လာကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ကော့ဘိန်းနယ်မြေစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီမှ လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူ များစွာအသုံးပြုခဲ့ပြီး တိုက်ပွဲအတွင်း အရပ်သားတဦး သေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင် ကျောင်း၊ သီလရှင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်အဆောက်အဦးများစွာ ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။

ကော့ဘိန်းကျေးရွာသည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်အနီးတွင်တည်ရှိပြီး မွန်လူမျိုး များ အများစုနေထိုင်ရာ ကျေးရွာတရွာဖြစ်သည်။ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် မတ်လ ၂၄ ရက်နေ့မှ စတင်ကာ ကော့ဘိန်းကျေးရွာအပြင် အနီးဝန်းကျင်ရှိ ကော့ပေါက်၊ တရနာ၊ ဓမ္မသ၊ ကော့ပလိုင် အပါအဝင် အနီးအနားကျေးရွာများမှ ဒေသခံများဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

ကော့ဘိန်းကျေးရွာတွင် ယနေ့မတ်လ ၂၆ ရက်နေ့၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း တရနာကျေးရွာ ဘက်မှ စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများ ကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက် နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

စာတည်း။ ။စောဖေ