ကော့သောင်းမြို့သို့ ဒေသခံမဟုတ်သူ လူငယ်များကို စစ်ကောင်စီ ဝင်ခွင့်မပြု

ကော့သောင်းမြို့သို့ သွားရောက်နေသည့် ခရီးသွားကားများ(ဓာတ်ပုံ- CJ)

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့သို့ ဒေသခံ မဟုတ်သည့် လူငယ်များကို စစ်ကောင်စီက မြို့တွင်း ဝင်ရောက်ခွင့်မပြုကြောင်း ယာဥ်မောင်းများနှင့် ခရီးသွားပြည်သူများထံက သိရသည်။

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ ဒေသခံများကိုင်ဆောင်သည့် နိုင်ငံသားမှတ်ပုံတင်ကတ်နံပါတ်ဖြစ်သည့် ၆/ ကသန မှ လွဲ၍ ကျန် မှတ်ပုံတင်ကိုင်ဆောင်သူ လူငယ်များကို ဝင်ရောက်ခွင့်မပြုကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ တတိယပတ်က စ၍ မြိတ်-တနင်္သာရီ- ဘုတ်ပြင်းနှင့် ကော့သောင်းသို့ သွားသည့် လမ်းပိုင်းရှိ စစ်ကောင်စီစစ်ဆေးရေး ဂိတ်များက မှတ်ပုံတင်နံပါတ်များကို စစ်ဆေးဆေးကာ ထိုသို့ တားဆီးပိတ်ပင်နေကြောင်း ယာဥ်မောင်းများက ဆိုသည်။

“ ဒီရက်ပိုင်းမှာ စစ်တပ်ဂိတ်တွေက စစ်ဆေးရေးတွေ တင်းကျပ်လာတယ်။ အထူးသဖြင့် ကော့သောင်းဒေသခံတွေ မဟုတ်တဲ့ လူတွေကို လှည့်ပြန်ခိုင်းနေသလို ဖမ်းဆီးခံရသူတွေလည်း ရှိနေတယ်”လို့ လုံခြုံရေး အရ အမည်မဖော်လိုသူ မြိတ်-ကော့သောင်း ခရီးသည်တင် ယာဉ်မောင်းသူက ပြော သည်။

ထိုသို့ လှည့်ပြန်ခိုင်းရာတွင် အသက်ကြီးပိုင်း အမျိုးသားများနှင့် အမျိုးသမီးများ မပါဝင်ကြောင်း အခြားယာဥ်မောင်းသူတဦးကလည်း ပြောသည်။

နောက်ထပ် ခရီးသည်ယာဉ်မောင်း တဦးက “ ပြီးခဲ့တဲ့ အပတ်က ဆိုရင် မြိတ်က ထွက်လာတဲ့ ခရီးသည်ကားတွေမှာ ဆိုရင် လူငယ် အမျိုးသား ၊ အမျိုးသမီးတွေ အများကြီး တက်လာတဲ့ ကားတွေကို မြိတ်မြို့ အပြင် ပသောင်း-ကြေးနန်းတိုင် စစ်ဆေးရေးဂိတ်မှာ လူငယ် အယောက် ၄၀ နီးပါးကို ဖမ်းဆီး စစ်ဆေးတာ လုပ်ခဲ့သေးတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံ ဒေသအသီးသီးတွင် မတ်လအတွင်းက မဲနှိုက်ကာ စစ်မှုထမ်းရမည့်သူ ရွေးချယ်ခြင်းများ ပြုလုပ်လာပြီးနောက် လူငယ်အများစုသည် ထိုင်းနိုင်ငံဘက်သို့ နည်းမျိုးစုံဖြင့် ထွက်ခွာနေကြသည်။

မောင်တောနယ်စပ်ဂိတ်နှင့် ကော့သောင်း နယ်စပ်ဂိတ်မှ တဆင့် ထိုင်းနိုင်ငံသို့ လူငယ်များ ထွက်ပြေးတိမ်းရှောင်မှုလည်း မြင့်တက်နေကြောင်း ဒေသခံများက ဆိုသည်။

ကော့သောင်းမြို့ဒေသခံ မဟုတ်သည့် လူငယ်များကို စစ်ကောင်စီက သွားလာခွင့် ကန့်သတ်ထားသော်လည်း ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်တွင် နယ်စပ်ဖြတ်ကျော် လက်မှတ်ဖြင့် ဖြတ်သန်း သွားလာခွင့်ကိုမူ ပိတ်ထားခြင်း မရှိသေးကြောင်း ကော့သောင်းမြို့ခံများထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး