တရုတ်မှာ ထိန်းသိမ်းခံထားရာကနေ တောင်ကိုရီးယားဘောလုံးသမား ပြန်လွတ်လာ

File Photo

By PKThawn

လာဘ်ပေးလာဘ်ယူမှုဖြင့် စပ်ဆက်ပြီး တရုတ်အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ တောင်ကိုရီးယားလက်ရွေးစင်ဘောလုံးသမား ဆွန်ဂျွန်ဟိုကို ပြန်လွှတ်ပေးလိုက်ပြီး အိမ်သို့ ပြန်ရောက်လာခဲ့ပြီဖြစ်ကြောင်း ဆိုးလ်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောပါတယ်။

“နိုင်ငံတော် ယန္တရားမှာ မပါဝင်တဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းများထံကနေ လာဘ်ငွေ လက်ခံခဲ့တယ်”ဆိုတဲ့ သံသယဖြင့် ကမ္ဘာ့ဖလားပြိုင်ဝင် ကွင်းလယ်ကစားသမားကို တရုတ်အရှေ့မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ မေလက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း တရုတ်အစိုးရက အဲဒီအချိန်က ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

ဆွန်ဟာ ၁၀ လအကြာမှာ “သူ့ရဲ့ချုပ်နှောင်မှုပြီးဆုံးသွားတဲ့အတွက် တောင်ကိုရီးယားကို မကြာသေးခင်က ရောက်ရှိလာခဲ့ကြောင်း” တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့တာပါ။

အစိုးရက “ဆွန်ရဲ့ မိသားစုနဲ့ အနီးကပ် ဆက်သွယ်မှုကတဆင့် ထိရောက်တဲ့ ဥပဒေရေးရာ အကူအညီကို” ပေးထားကြောင်း ယင်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ် ဘောလုံးသမားဟာ တနင်္လာနေ့မှာ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ဆွန်ရဲ့ ထုတ်ပြန်မှုကို ကိုရီးယားဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့ပါတယ်။

ဆွန်ဟာ ၂၀၂၁ ကတည်းက တရုတ်စူပါလိဂ်မှာ Shandong Taishan ဘောလုံးကလပ်အတွက် ကစားခဲ့ပြီး ကာတာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း တောင်ကိုရီးယားအသင်းရဲ့ လေးပွဲမှာ သုံးပွဲ ပါဝင်ကစားခဲ့ပါတယ်။

တရုတ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကြီးအကဲနဲ့ တခြား ထိပ်တန်း အရာရှိတွေကို ပစ်မှတ်ထားကာ တရုတ် အာဏာပိုင်တွေက အကျင့်ပျက်ခြစားမှု တချို့ကို စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ သူ့ကို ဖမ်းဆီးခဲ့တာပါ။

တောင်ကိုရီးယားလက်ရွေးစင်အသင်းဟာ အင်္ဂါနေ့မှာ ထိုင်းအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားဖို့ ဘန်ကောက်မှာ ရောက်ရှိနေပါတယ်။

ကွင်းလယ်ကစားသမား လီဂျေဆန်က ဆွန်ရဲ့ လွတ်မြောက်မှုအတွက် ကျေးဇူးတင်ကြောင်း မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

“ပြီးခဲ့တဲ့နှစ်က သူ အဖမ်းခံရတာနဲ့ ပတ်သက်ပြီး ကျနော် ပထမဆုံးကြားလိုက်ရတဲ့ အချိန်က ကျနော့်နှလုံးသားကို ကြေကွဲစေခဲ့တယ်”လို့ သူက ဘန်ကောက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ကြောင်း Yonhap သတင်းအေဂျင်စီအရ သိရပါတယ်။

“ကျနော်တို့ ဒီနေရာမှာ ပွဲမတိုင်ခင် ဒီသတင်းကို လက်ခံရရှိလို့ အရမ်းကျေးဇူးတင်တယ်။ သူ မကြာခင်မှာ ဘောလုံးပြန်ကစားနိုင်မယ်လို့ ကျနော် မျှော်လင့်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူက ဘောလုံးကို ချစ်မြတ်နိုးသူမို့လို့ပါ။”

(AFP)