လာဘ်ပေးလာဘ်ယူမှု ‘ကြီးကြီးမားမား’ဖြင့် တရုတ်ဘောလုံးအဖွဲ့ချုပ် အကြီးအကဲဟောင်းကို ထောင်ဒဏ်တသက် ချမှတ်

By PKThawn

အကျင့်ပျက်ခြစားမှုဖြင့် အားကစားအရာရှိအများအပြားကို ဖမ်းဆီးထောင်ချခြင်းတွေနဲ့အတူ တရုတ်ဘောလုံးအဖွဲ့ ဥက္ကဋ္ဌဟောင်းတဦးကို ဒေါ်လာ ၁၁ သန်း လာဘ်စားမှုဖြင့် ထောင်ဒဏ်တသက်တစ်ကျွန်း ချမှတ်လိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့မှာ ပြောပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်လက်ထက် တရားဝင်ရာထူးတွေကို အလွဲသုံးစားလုပ်မှုအပေါ် အရှိန်အဟုန်ပြင်းစွာ နှိမ်နင်းမှုဟာ တရုတ်နိုင်ငံရဲ့ အားကစားနယ်ပယ် အထူးသဖြင့် ဘောလုံးလောကမှာ အပြင်းအထန် ရိုက်ခတ်ခဲ့ပါတယ်။

နိုင်ငံလက်ရွေးစင်အသင်းနည်းပြဟောင်း လီတိုင်အပါအဝင် CFA မှ အကြီးတန်းခေါင်းဆောင်တွေနဲ့ အမှုဆောင်အရာရှိ ၁၀ ဦးခန့်ကို မကြာသေးခင်နှစ်တွေအတွင်း စွဲချက်တွေနဲ့ ဖယ်ရှားခံခဲ့ရပါတယ်။

ဥက္ကဋ္ဌဟောင်း ချန်ရွှိယွမ်ဟာ CFA နဲ့ တခြားအဖွဲ့ချုပ်တွေမှ သူ့ရဲ့ ရာထူးတွေကို အခွင့်ကောင်းယူကာ “တခြားသူတွေထံကနေ စုစုပေါင်း ယွမ် ၈၁ ဒသမ ၀၃ သန်း (ဒေါ်လာ ၁၁ သန်း) ကို တရားမဝင် လက်ခံကြောင်း ကွန်မြူနစ်ပါတီပိုင် People’s Daily သတင်းစာက ပြောပါတယ်။

လာဘ်ပေးလာဘ်ယူမှုတွေဟာ “အထူးကြီးမား”ပြီး သူ့ရဲ့လုပ်ရပ်တွေဟာ “သန့်ရှင်းတဲ့ ပြိုင်ပွဲနဲ့ စည်းမျဉ်းစည်းကမ်းတို့ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေတယ်”လို့ သတင်းစာက ဆိုပါတယ်။

“နိုင်ငံ့ဘောလုံးလောကအတွက် ဆိုးရွားတဲ့အကျိုးဆက်တွေ ဖြစ်ပေါ်စေခဲ့တယ်”လို့ ယင်းက ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံရဲ့ သြဇာအာဏာအရှိဆုံးခေါင်းဆောင်ဟာ သူကိုယ်တိုင် ကြေညာထားတာက ဘောလုံးပရိသတ်တဦးဖြစ်ပြီး သူ့နိုင်ငံက ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပကာ ဒီဆုဖလားကို တနေ့မှာပင် ရယူလိုတယ်လို့ ဆိုပါတယ်။

အဂတိလိုက်စားမှုစုံစမ်းစစ်ဆေးရေးနဲ့ ကွင်းထဲမှာ နှစ်ပေါင်းများစွာ စိတ်ပျက်စရာကောင်းတဲ့ ရလဒ်တွေအပြီးမှာတော့ အဲဒီရည်မှန်းချက်က အရင်ကထက် ပိုဝေးကွာနေပုံပေါ်ပါတယ်။

နိုင်ငံအသင်း နောက်ခံလူ Zhang Linpeng ဟာ ပြီးခဲ့တဲ့အပတ်က စင်ကာပူနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ သရေကျခဲ့တာကြောင့် လက်ရွေးစင်အသင်းကနေ နုတ်ထွက်ခဲ့ပေမယ့် သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်ခဲ့ပါတယ်။

(AFP)