လပွတ္တာတွင် မီးလောင်မှုဖြစ်ပွား၍ နေအိမ် ၂၆ လုံး ပျက်စီးဆုံးရှုံး

ပုံအညွှန်း-မတ်လ ၂၅ ရက်နေ့က လပွတ္တာမြို့၊ ပြည်သူ့မေတ္တာဆန်စက်ဝန်းလမ်း၌ မီးလောင်နေစဥ်

မင်းထက်

(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၈) ရပ်ကွက်၊ ပြည်သူ့မေတ္တာဆန်စက်ဝင်းလမ်းတွင် ယမန်နေ့ မတ်လ ၂၅ ရက် ၊ ညနေ ၄ နာရီဝန်းကျင်ခန့်အချိန်က မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၂၆ လုံးပျက်စီးဆုံးရှုံးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

အဆိုပါ ရပ်ကွက်အတွင်းရှိ နေအိမ်တအိမ်တွင် ဓနိအကာအနီး ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတဦးကပြောသည်။

“အိမ်ရှင်တွေခရီးသွားနေပြီး အိမ်စောင့်အဖြစ် လူတယောက်ကိုထားခဲ့တဲ့အိမ်က စလောင်တာလို့ကြားပါတယ်။ နေတအားပူနေတဲ့အချိန် ဓနိမိုး ဓနိကာနဲ့ ဓနိမိုး ထရံကာအိမ်တွေချည်း လောင်တာဆိုတော့ မီးတော်တော်များတယ် “ဟု ဒေသခံကဆိုသည်။

မီးလောင်မှုကြောင့် အသက် ၅၀ ခန့်အရွယ် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟုသိရပြီး အဆိုပါအမျိုးသမီးမှာ မီးလောင်ဆုံးရှုံးခဲ့သည့် နေအိမ်ပိုင်ရှင်များအနက်မှ တဦးဖြစ်ကြောင်း ဒေသခံကဆက်လက်ပြောသည်။

ထိုမီးလောင်မှုနှင့်ပတ်သက်၍ ဧရာဝတီတိုင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူအား ဆက်သွယ်မေးမြန်းရာ မီးလောင်မှုစတင်ဖြစ်ပွားပြီး ညနေ ၄ နာရီ ၃ မိနစ်အချိန်တွင် မီးသတ်တပ်ဖွဲ့ဝင်များထွက်ခွာမီးငြှိမ်းသတ်ခဲ့ကြောင်း၊ ၄ နာရီ ၂၅ မိနစ်တွင် မီးထိန်းနိုင်ပြီး ၄ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မဇ္စျိမကိုပြော သည်။

မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁,၀၃၂,၀၀၀ (ဆယ်သိန်းသုံးသောင်းနှစ်ထောင်)ခန့် ရှိသည်ဟုသိရပြီး မီးလောင်ကျွမ်းရာ နေအိမ်များတွင်နေထိုင်သည့် အိမ်ထောင်စု ၂၆ စုမှ လူဦးရေ ၈၄ ဦးအား အမှတ်(၁၀) မူလတန်းလွန် စာသင်ကျောင်းတွင် ခေတ္တနေရာချထားပေးသည်ဟုလည်း ၎င်းကဆိုသည်။

အဆိုပါမီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များအပြင် ရပ်ကွက်နေပြည်သူများကလည်း ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့သည်ဟု သိရသည်။

လက်ရှိတွင် မီးစတင်လောင်ကျွမ်းခဲ့သည့်နေအိမ်တွင် အိမ်စောင့်အဖြစ်ကျန်ခဲ့သည့် အသက် ၁၅ နှစ်အရွယ် မောင်ဝေယံဦးအား လပွတ္တာမြို့မရဲစခန်းတွင် မီးနှင့်၊ သို့မဟုတ် မီးလောင်လွယ်သောအရာဝတ္ထုနှင့် စပ်လျဉ်း၍ပေါ့လျော့မှု ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်နေ သည်ဟု မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူက ပြောသည်။

စာတည်း – သန့်ဇော်(သန်လျင်)

လပွတ္တာတွင် မီးလောင်မှုဖြစ်ပွား၍ နေအိမ် ၂၆ လုံး ပျက်စီးဆုံးရှုံး