ကမ္ဘာ့ဆေးဝါးတင်ပို့မှုတွင် ထိပ်တန်းရောက်လာသော အိန္ဒိယ

Creek City Times:-

အိန္ဒိယနိုင်ငံသည် ဂျာမနီကိုကျော်တက်ကာ ရုရှားသို့ ဆေးဝါးအများဆုံးတင်သွင်းသည့်နိုင်ငံဖြစ်လာသည်။ ၂၀၂၃ ခုနှစ်တွင် အိန္ဒိယမှ ရုရှားသို့ တင်ပို့မှု သုံး ရာခိုင်နှုန်းတိုးလာခဲ့ပြီး ဆေးကတ်ပေါင်း ၂၉၃ သန်းအထိ တင်ပို့နိုင်ခဲ့ကာ ဂျာမနီ၏ တင်ပို့မှုမှာ ၂၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ခြင်းကြောင့် ဖြစ်သည်။ ဗြိတိန်နှင့် ပိုလန်တို့ကဲ့သို့ ဥရောပနိုင်ငံများ ထွက်ခွာသွားမှုကြောင့် လစ်ဟာသွားသည့်ဈေးကွက်ကို ဖြည့်ဆည်းနိုင်ရန် ယူအေအီး၊ အာမေနီးယားနှင့် ကျူးဘားနိုင်ငံတို့ကလည်း ရုရှားဆေးဝါးဈေးကွက်အတွင်းသို့ ထိုးဖောက် ဝင်ရောက်လျက်ရှိသည်။

‘ကမ္ဘာ့ဆေးဆိုင်’ အဖြစ် ကင်ပွန်းတပ်ခံထားရသည့် အိန္ဒိယနိုင်ငံ၏ ဆေးဝါးလုပ်ငန်းသည် ကမ္ဘာတဝန်းသို့ ဈေးသက်သာပြီး အရည်အသွေးမြင့် အာနိသင်တူ ဆေးဝါးများကို အဓိကတင်ပို့နေသည်။ အာနိသင်တူဆေးဝါး ထုတ်လုပ်မှုသည် ဈေးကွက်ဝေစု၏ ၇၁ ရာခိုင်နှုန်းရှိပြီး ၎င်းနောက်တွင် အထွေထွေဆေးဝါးများနှင့် အမှတ်တံဆိပ်ပါဆေးဝါးများ ရှိနေသည်။ အာနိသင်တူဆေးဝါးများအပေါ် အဓိကထားမှုသည် အိန္ဒိယ၏ အခြေအနေကို ပိုမိုခိုင်မာစေခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၂၅ ဘီလီယံကျော်တန်ဖိုးရှိ ဆေးဝါးများကို တင်ပို့နိုင်ခဲ့သည်။ ယင်း၏ အကျိုးသက်ရောက်မှုသည် ပမာဏတခုထက်ပိုသည်။ ကမ္ဘာတဝန်းရှိ အာနိသင်တူဆေးဝါးတင်ပို့မှု၏ ၂၀ ရာခိုင်နှုန်း ရှိခဲ့ပြီး မြောက်အမေရိကသည် အများဆုံးတင်သွင်းသည့် နေရာဖြစ်သည်။

ဆေးဝါးအများအပြားတွင် တံဆိပ်ပါဆေးဝါးခေါ် မူရင်းဆေးဝါးနှင့် ၎င်းတို့နှင့် အာနိသင်တူ ဆေးဝါးများဟူ၍ ပုံစံနှစ်မျိုးရှိသည်။ နှစ်မျိုးစလုံးတွင် တူညီသော ကုန်ကြမ်းပစ္စည်းများနှင့် အာနိသင်များရှိသည်။ အဓိက ကွာခြားချက်မှာ ထုတ်လုပ်မှုလုပ်ငန်းစဉ်သာဖြစ်သည်။

အိန္ဒိယဆေးဝါးလုပ်ငန်းသည် ကမ္ဘာ့ဆေးဝါးလောကတွင် အဓိကနေရာမှ ပါဝင်လျက်ရှိသည်။ အိန္ဒိယသည် ကမ္ဘာ့ဈေးကွက်တွင် တန်ဖိုးအရ သုံး ဒသမ ငါး ရာခိုင်နှုန်းရှိပြီး ပမာဏအားဖြင့် ၂၀ ရာခိုင်နှုန်းရှိသည်။ အိန္ဒိယသည် အမေရိကန်၊ ဗြိတိန်၊ ရုရှားနှင့် တောင်အာဖရိကတို့ကဲ့သို့ အဓိကတင်ပို့ရာ နေရာများအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်သို့ ဆေးဝါးများတင်ပို့နေကြောင်း ၎င်းအချက်က ဖော်ပြနေသည်။ အိန္ဒိယသည် ကမ္ဘာတဝန်းရှိ အာနိသင်တူဆေးဝါးတင်ပို့မှုတွင် ဦးဆောင်နေသည်။ အိန္ဒိယသည် ကာကွယ်ဆေးထုတ်လုပ်တင်ပို့ရာတွင် အရေးပါသော နိုင်ငံဖြစ်ကာ ကမ္ဘာ့လိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းကျော်ကို ပံ့ပိုးပေးနေပြီး အမေရိကန်နှင့်

2 / 3

ဗြိတိန်နိုင်ငံတို့အတွက် ဆေးဝါးအများအပြားကို တင်ပို့နေသည်။ ၎င်းသည် ကမ္ဘာတဝန်းအသုံးပြုနေသည့် ဈေးသက်သာသော ဆေးဝါးများနှင့် ဆေးဝါးကုန်ကြမ်းများကို ထုတ်လုပ်နေသော အဓိကနိုင်ငံဖြစ်ရုံသာမက COVID-19 တိုက်ဖျက်ရေးတွင်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ အိန္ဒိယကုမ္ပဏီများသည် ကိုဗီရှှီးနှင့် ကိုဗက်ဆင်းကဲ့သို့ ကာကွယ်ဆေးများကို ထုတ်လုပ်ခဲ့ပြီး နိုင်ငံများစွာသို့ တင်ပို့နိုင်ခဲ့သည်။

အိန္ဒိယဆေးဝါးလုပ်ငန်းသည် မကြာသေးမီကာလအတွင်း တိုးတက်မှု ကြီးကြီးမားမားရရှိခဲ့သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ဆေးဝါးနှင့်ဆေးဝါးပစ္စည်းတင်ပို့မှု ၁၂၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ၉၀၄၁၅ ကုဋေရှိခဲ့ရာမှ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၂၀၄၁၁၀ ကုဋအထိ ရောက်ရှိခဲ့သည်။ ယင်းကဏ္ဍသည် အိန္ဒိယ ပို့ကုန်စုစုပေါင်း၏ ငါး ဒသမ ၇၁ ရာခိုင်နှုန်း ရှိသည်။

အိန္ဒိယသည် အရေးကြီးဆေးဝါးများကို ကမ္ဘာအနှံ့သို့ ဈေးသက်သက်သာသာဖြင့် တင်ပို့သည့် ရှည်လျားသော သမိုင်းကြောင်းရှိသည်။ အိန္ဒိယ၏ ဆေးဝါးလုပ်ငန်းသည် အဓိက လုပ်ငန်းတရပ်ဖြစ်ပြီး လက်ရှိဈေးကွက်ပမာဏမှာ အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံခန့်ရှိသည်။ အိန္ဒိယသည် မမျှော်မှန်းနိုင်သော ကမ္ဘာလုံးဆိုင်ရာအခြေအနေများမှ ကာကွယ်ရန်နှင့် ဆေးဝါးပမာဏ အများအပြားထုတ်လုပ်ရာတွင် ဆေးဝါးကုန်ကြမ်းအတွက် နိုင်ငံတနိုင်ငံတည်းအပေါ် မှီခိုရမှုကို ရှောင်ရှားနိုင်ရန် အစီအစဉ်အမျိုးမျိုး ချမှတ်ထားသည်။ အိန္ဒိယအစိုးရသည် နိုင်ငံ၏ ဆေးဝါးလုပ်ငန်းကို တိုးတက်ခိုင်မာစေရန် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံထားသည်။

ဆေးဝါးကုမ္ပဏီပေါင်း ၁၂,၀၀၀ ကျော်ရှိသည့် အိန္ဒိယသည် ကမ္ဘာ့ဆေးဝါးလုပ်ငန်းတွင် အင်အားကြီးနိုင်ငံဖြစ်သည် ဆိုသည့်အချက်မှာ အငြင်းပွားဖွယ်ရာ မရှိပေ။ အိန္ဒိယသည် ဆေးဝါးများ၊ ဆေးဝါးကုန်ကြမ်းများနှင့် ဆေးပစ္စည်းများ တင်သွင်းမှုအပေါ် မှီခိုရမှုကို လျှော့ချပြီး အဆိုပါထုတ်ကုန်များကို တင်ပို့သည့် အဓိကနိုင်ငံဖြစ်လာခြင်းမှာ အံ့အားသင့်ဖွယ် အောင်မြင်မှုတရပ်ဖြစ်သည်။ ပြည်တွင်းနှင့် ပြည်ပတင်ပို့မှု နှစ်ခုစလုံးအတွက် ထပ်မံတိုးတက်မှုသည် ယင်းကဏ္ဍများအား အဆင့်မြှင့်တင်မှုအပေါ် မူတည်သည်ဟု စက်မှုကျွမ်းကျင်သူများက ယုံကြည်ကြသည်။

အိန္ဒိယ၏ ဆေးဝါးလုပ်ငန်းသည် အလားအလာကောင်းနေသော်လည်း စိန်ခေါ်မှုအခက်အခဲများရှိနေသည်။ ယင်းလုပ်ငန်း၏ အနာဂတ်အောင်မှုမြင်သည် အရည်အသွေးထိန်းသိမ်းခြင်းနှင့် သတ်မှတ်စည်းကမ်းချက်များကို လိုက်နာခြင်းတို့တွင် အဆိုပါ စိန်ခေါ်မှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မှုအပေါ် မူတည်နေသည်။