စစ်မှုထမ်းရန် စာရင်းပါပြီး ဆေးစစ်ရန် ခေါ်ဆောင်ခံရသူများ မိသားစုနှင့် ၃ ရက်ကြာသည်အထိ အဆက်အသွယ်မရ

ပုံအညွှန်း - အုတ်ဖိုမြို့နယ်တွင် ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် ဖိအားပေးခေါ်ယူခံရသည့် ရွာသားအချို့ကို Black Dragon GBK-PDF ကကယ်ထုတ်ခဲ့စဥ်

ပုံအညွှန်း – အုတ်ဖိုမြို့နယ်တွင် ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် ဖိအားပေးခေါ်ယူခံရသည့် ရွာသားအချို့ကို Black Dragon GBK-PDF ကကယ်ထုတ်ခဲ့စဥ်

မင်းထက်

(မဇ္စျိမ)။ ။ ဧရာဝတီတိုင်း မြို့နယ်အားလုံးမှ စစ်မှုထမ်းရန် ပထမအသုတ်အတွက် စာရင်းပါရှိသူများကို ဆေးစစ်ရန်ရှိသည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံများက လာရောက်ခေါ်ဆောင်ခံရသူများ သုံးရက်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း သိရသည်။

၎င်းတို့အား ခေါ်ဆောင်သွားခဲ့သည့် မတ်လ ၂၈ ရက်တွင် မိသားစုနှင့်အဆက်အသွယ်ရရှိခဲ့ပြီးနောက် မတ်လ ၂၉ ရက်မှစ၍ ယနေ့ မတ်လ ၃၁ အထိ အဆက်အသွယ်မရကြောင်း ၎င်းတို့၏ မိသားစုဝင်များကဆိုသည်။

“ဆေးစစ်ဖို့ရှိတယ်ဆိုပြီး ၂၈ ရက်နေ့မှာ အုပ်ချုပ်ရေးမှူးက ကျွန်မ သားလေးကိုလာခေါ်သွားတယ်။ အဲ့နေ့က သူနဲ့အဆက်အသွယ်ရတော့ နတခ ထဲမှာလို့ပြောတယ်။ နောက်ရက်တွေတော့ အဆက်အသွယ်မရတော့ဘူး။ အတော်များများကတော့ ကလေးတွေနဲ့ အဆက်အသွယ်မရကြတော့ဘူးလို့ကြားတယ်။ ကျွန်မတို့ကတော့ ဘာမှမဖြစ်ပါစေနဲ့လို့ဆုတောင်းပြီး ငိုနေရတာပဲ”ဟု ပုသိမ်မြို့နယ်မှ ဆေးစစ်ရန်အတွက်ဟုဆိုကာ ခေါ်ဆောင်ခံရသူ၏ မိခင်ဖြစ်သူကပြောသည်။

မြို့နယ်အသီးသီးရှိ ပထမအသုတ် စစ်မှုထမ်းရန် စာရင်းပါသူများကို နတခ (အနောက်တောင်တိုင်း စစ်ဌာနချုပ်)သို့ နံနက် ၁၀ နာရီအရောက် ဆေးစစ်ရန်ပို့ပေးရမည်ဟု စစ်ကောင်စီကညွှန်ကြား၍ အုပ်ချုပ်ရေးမှူးများက လူစုပေးပြီး ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီနှင့်နီးစပ်သူတဦးကပြောသည်။

“အကုန်လုံးက ဆေးစစ်ပြီးရင်ပြန်လာရဦးမယ်ထင်ပြီး အဝတ်တထည် ကိုယ်တခုနဲ့သွားကြတာ။ အခုကပြန်မလွှတ်တော့ဘူး။ ထွက်ပြေးမှာစိုးလို့ အပြီးခေါ်ထားလိုက်တာလည်းဖြစ်နိုင်တယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဆေးစစ်ရန် ခေါ်ဆောင်ခံရသူများ၏ မိသားစုဝင်များ စိုးရိမ်နေကြပြီး အုပ်ချုပ်ရေးမှူးများထံ သွားရောက်စုံစမ်းရာတွင်လည်း ပြန်လွှတ်ပေးမည့်ရက်ကို မသိဟုသာ ပြန်လည်ဖြေကြားကြကြောင်း ခေါ်ဆောင်ခံရသူအချို့၏ မိသားစုဝင်များက မဇ္ဈိမကို ပြောသည်။

ထိုသို့ ဆေးစစ်ရန်အတွက်ဟုဆိုကာ ခေါ်ဆောင်ခံရသူ ဦးရေ ၇၀၀ မှ ၁,၀၀၀ အထိရှိနိုင်သည်ဟုသိရပြီး ထိုလူများအားလုံးမှာ အမျိုးသားများဖြစ်ကြောင်း စစ်ကောင်စီနှင့်နီးစပ်သူ နောက်ထပ်တဦးကပြောသည်။

ထိုသူများကို ပုသိမ်မြို့နယ် ၊ရွှေမြင်တင်ကျေးရွာရှိ အမှတ်(၆) စစ်အခြေခံလေ့ကျင့်ရေးတပ်တွင် စစ်သင်တန်းပေးနိုင်မည် အခြား စစ်အခြေခံလေ့ကျင့်ရေးတပ်များသို့လည်း ပို့နိုင်ကြောင်း ၎င်းကဆိုသည်။

စာတည်း။ ။အောင်ကျော်ဖြိုး