ဓမ္မသရွာအနီး တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်

ပုံအညွှန်း- စစ်ကောင်စီ​၏ တိုက်ခိုက်မှုများကြောင့် မီးလောင်ပျက်စီးခဲ့သည့် ဓမ္မသရွာမှ ဒေသခံများ​၏ နေအိမ်များအား တွေ့ရစဉ် (ဓါတ်ပုံ- ဂဠုန်စစ်ကြောင်း)

ပုံအညွှန်း- စစ်ကောင်စီ​၏ တိုက်ခိုက်မှုများကြောင့် မီးလောင်ပျက်စီးခဲ့သည့် ဓမ္မသရွာမှ ဒေသခံများ​၏ နေအိမ်များအား တွေ့ရစဉ် (ဓါတ်ပုံ- ဂဠုန်စစ်ကြောင်း)

YT

(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသရွာနှင့် ကပ်လျက်ရှိ သံကလောင်ရွာတွင် ယနေ့ မတ်လ ၃၁ ရက်နေ့၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“ဓမ္မသရွာအပြင်ဘက် သံကလောင်ရွာဘက်မှာ တိုက်ပွဲဖြစ်တယ်။ လက်နက်ကြီးပစ်လို့ အိမ်တလုံးလည်း မီးလောင်တယ်။ မီးလောင်တာက ရွာအပြင်ဘက်ကအိမ်”ဟု ဓမ္မသရွာဒေသခံက ပြောသည်။

ယနေ့ မတ်လ ၃၁ ရက် နေ့လယ်ပိုင်းတွင် ဓမ္မသ- သံကလောင်- တရနာ လမ်းပေါ်၊ သံကလောင်ကျေးရွာ၌ စစ်ကောင်စီနှင့် မွန်၊ ကရင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း ကောင်စီတပ်ဖွဲ့က ဂျိုင်းမြစ်အတွင်းရှိ စစ်သင်္ဘောနှင့် တရနာရွာဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ဓမ္မသရွာ ရွာအပြင်ဘက်ရှိ နေအိမ်တလုံးပေါ်သို့ ကျရောက်ပေါက်ကွဲကာ ယင်းနေအိမ် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံထံက သိရသည်။

မတ်လ ၂၇ ရက်နေ့မှစ၍ စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်းတို့မှ မီးလောင်ဗုံး၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အိမ်ခြေ ၉၀၀ နီးပါးရှိသည့် ဓမ္မသရွာမှ အိမ်ခြေ ၄၀၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ပြီး ဓမ္မရွာခံများ မော်လမြိုင်မြို့နှင့် ဓမ္မသအနီး ဘေးလွတ်ရာကျေးရွာများတွင် တိမ်းရှောင်နေကြရကြောင်း စစ်ဘေးရှောင် အကူအညီပေးနေသူထံက သိရသည်။

“ဒီနေ့တော့ ရွာထဲပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်တာ ပြီးသလောက် ဖြစ်နေပြီ။ စစ်ဘေးရှောင်တွေကတော့ နေရာပေါင်းစုံပဲ။ ၁,၀၀၀ ကျော်လောက်ရှိတယ်။ အများဆုံးက မော်လမြိုင်ဘက်ကို သွားကြတယ်။ တချို့ကျတော့ အသိရှိတဲ့အိမ်တွေ၊ တချို့ကျတော့ ဘုန်းကြီးကျောင်းတွေပေါ့” ဟု စစ်ဘေးရှောင်အကူအညီပေးနေသူတဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်များအတွက် အလှူရှင်များက ဝိုင်းဝန်း ကူညီပေးနေကြသော်လည်း စားနပ်ရိက္ခာ အပါအဝင် အကူအညီများစွာ လိုအပ်နေကြောင်း သိရသည်။

“အကူအညီကတော့ အများကြီး လိုနေသေးတယ်။ အခုအချိန် သူတို့အတွက် ဘာခက်ခဲလဲဆိုရင် စစ်ဘေးရှောင်ရာကနေ ပြန်ဖို့အိမ် မရှိတော့တာကို တွေးပြီး အရမ်း စိတ်သောက ရောက်နေကြတယ်” ဟု စစ်ဘေးရှောင်အကူအညီပေးနေသည့် ဓမ္မသရွာခံက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၉ ရက် ညပိုင်းတွင်လည်း သံကလောင် ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် မွန်၊ ကရင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ